Home > Uncategorized > မူးယစ်ဆေးသားကောင်ဖြစ်နေတဲ့ မြို့ကလေး

မူးယစ်ဆေးသားကောင်ဖြစ်နေတဲ့ မြို့ကလေး

မူးယစ်ဆေးသားကောင်ဖြစ်နေတဲ့ မြို့ကလေး

(မျက်မှောက်ခေတ် ဆောင်းပါး)

စစ်ကိုင်းတိုင်းထဲက မြို့ကလေးတစ်မြို့ဟာ မူးယစ်ဆေးစွဲနေတဲ့ သူတွေကြောင့် လုံခြုံမူကင်းမဲ့နေပါတယ်။

အဆိုပါမြို့ကလေးဟာ ချင်းတောင်ခြေမှာတည်ရှိပြီး အိန္ဒိယနိုင်ငံနှင့်လည်း မိုင်ကိုးဆယ်လောက်သာဝေးတာပါ။

အဆိုပါမြို့ကလေးဟာ ဟိုအရင်ခေတ်တွေကတည်းကစ မူးယစ်ဆေးဝါးနဲ့ပါတ်သက်ပြီး နာမည်ထွက်ခဲ့တဲ့မြို့ကလေး ဖြစ်ပြီး စစ်တပ်ကအာဏာ သိမ်းပြီးတဲ့ နောက်မှာတော့ မူးယစ်ဆေးဝါးကို လွတ်လပ်စွာရောင်းဝယ်နေကြသလို သုံးစွဲသူတွေလည်း အရင်ကထက် အဆမတန်များပြားလာတယ်လို့ မြို့ခံတွေက မျက်မှောက်ခေတ် အယ်ဒီတာအဖွဲ့ကို ပြောပါတယ်။

“ကျနော်ကတော့ ဆိပ်ကမ်းသာနားလမ်းတွေဆို သွားကိုမသွားရဲတာ။ အဲဒီနားက မူးယစ်ဆေးစျေးတန်းလိုဖြစ်နေတာကြာပြီ။ ကိုယ်သွားရင် ကိုယ့်ပါတမျိုးထင်ခံရနိုင်တယ်” လို့ မြို့ခံလူငယ်တစ်ဦးကပြောပါတယ်။

ကလေးမြို့၊ပင်လုံရပ်ကွက်၊ ဥပုသ်ချောင်းမြောက်ဘက်မှာ မူးယစ်ဆေးကို လွတ်လပ်စွာရောင်းဝယ် သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

တကယ်တော့ ကလေးမြို့ပေါ်က ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းမှာ မူးယစ်ဆေးကို အလွယ်တကူဝယ်ယူလို့ရနေတာပါ။

“ဝယ်တဲ့နေရာတင်သုံးခဲ့လို့ရပါတယ်။ ကျနော်က ရူတာ။ တနေ့ခုနစ်ထောင်ဖိုးလောက်ကုန်ပါတယ်။ ရင့်တဲ့သူတွေကျတော့ ရူရုံနဲ့မရတော့ဘူး။ ဆေးထိုးအပ်နဲ့သွေးကြောထဲထိုးထည့်ကြတာပေါ့” လို့ မူးယစ်ဆေးသုံးစွဲနေသူ ကလေးမြို့က လူငယ်တစ်ဦးကပြောပါတယ်။

ကလေးမြို့မှာ မူးယစ်ဆေးဝါးရောင်းချနေသူတွေဟာ တဆင့်ခံရောင်းချနေကြသူတွေဖြစ်ပြီး သူတို့ကိုချုပ်ကိုင်ထားတဲ့ သူဌေးတွေရှိကြတယ်လို့ သိရပါတယ်။ မူးယစ်ဆေးရောင်းသူအများစုဟာ မူးယစ်ဆေးစွဲနေသူတွေဖြစ်ပြီး၊ မူးယစ်ဆေးကိုလက်ကားဖြန့်ပေးသူတွေဟာလည်း စစ်ကောင်စီ နဲ့ပတ်သက်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ရောင်းရတဲ့ထဲကသုံးရတာပေါ့။ တခါတခါ ကိုယ်ကပျင်းတိုင်း သုံးသုံးနေမိတော့ ကိုယ့်အတွက် ဘာမှမကျန်တဲ့ရက်တွေရှိတယ်” လို့ မူးယစ်ဆေးရောင်းလည်းရောင်းသုံးလည်းသုံးနေသူ အသက်လေးဆယ်ဝန်းကျင်အရွယ် မြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။

ကလေးမြို့မှာ မူးယစ်ဆေးစွဲသူတွေ ပေါများလာတာကြောင့် ခိုးဆိုးလုယက်မှုတွေလည်း နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လမ်းပေါ်မှာ ဆိုင်ကယ်နဲ့လိုက်ပြီး လုယက်တာတွေရှိသလို လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်၊စက်ဘီးတွေကိုပါ ခိုးယူကြတယ်လို့ဆိုပါတယ်။

“အိမ်တွေဆိုရင်လည်း ဝင်ခိုးကြတာပဲ။ နောက်ဆုံးဆိုင်ကယ်အပြင် အိမ်ကထမင်းပေါင်းအိုးကစခိုးသွားတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

နောက်မူးယစ်ဆေးသမားတွေရဲ့ပစ်မှတ်ကတော့ လမ်းပေါ်မှာသွယ်တန်းထားတဲ့ မီးကြိုးတွေပဲဖြစ်ပါတယ်။ လမ်းဘေးမီးတိုင်ကနေ အိမ်တွေကိုသွယ်တန်းထားတဲ့ မီးကြိုးတွေကို ဖြတ်ခိုးပြီး ကြိုးကိုမီးရှို့၊ အထဲက ကြေးနန်းကြိုးကိုရောင်းပြီး ရတဲ့ငွေနဲ့ မူးယစ်ဆေးသုံးစွဲကြတာဖြစ်ပါတယ်။

“ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့နှစ်က တော်တော်ခိုးခံလိုက်ရတယ်။ ကျနော်တို့အိမ်သွယ်တဲ့ မီးကြိုးလည်း အခိုးခံရတယ်။ ပြန်ဝယ်၊ ပြန်ဆင်ရတော့ တစ်သိန်းခွဲကျော်ကုန်တယ်။ ခုတော့ ရပ်ကွက်ထဲက ထရန်စဖော်မာတွေကို ခြံခတ်ပြီး ဓာတ်တိုင်တွေကို သံဆူးကြိုးနဲ့ပါတ်ထားရတယ်” လို့ ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့ ဇူလိုင်လကစ ကလေးမြို့မှာ လျပ်စစ်မီးတွေပြတ်တောက်ခဲ့ပြီး မီးပြန်လာတဲ့ သြဂုတ် ၃ ရက်နေ့မှာတော့ ကလေးမြို့အနောက်ပိုင်းက တောင်ဖီလာရပ်ကွက်၊ စမ်းမြို့ရပ်ကွက်တွေဟာ မီးပျက်စဥ်အတွင်း မူးယစ်ဆေးဝါးသမားတွေရဲ့ မီးကြိုးတွေဖြတ်ပြီးခိုးမူကြောင့် မီးမရရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ မူးယစ်ဆေးသမားတွေကို အရေးယူမူလုံးဝမရှိပဲ ပြည်သူလူထုကိုသာ ဖိနိုပ်ဖို့ကြိုးစားနေတယ်လို့လည်း မြို့ခံတွေကဆိုပါတယ်။ မူးယစ်ဆေးဝါးသမားတွေပေါများပြီး ရရာခိုးယူနေကြတာကြောင့် မြို့ကလေးရဲ့ လုံခြုံရေးဟာ ရင်တက်မအေးဖွယ်ဖြစ်နေပါတယ်။ တကယ်တော့ မြို့ကလေးဟာ မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရရှာတဲ့ မြို့ကလေးဖြစ်ပါတယ်။

error: Content is protected !!