Home > Uncategorized > စစ်ခေါင်းဆောင်ရဲ့ ခေတ်‌နောက်ပြန်အတွေး သမဝါယမစနစ်

စစ်ခေါင်းဆောင်ရဲ့ ခေတ်‌နောက်ပြန်အတွေး သမဝါယမစနစ်

စစ်ခေါင်းဆောင်ရဲ့ ခေတ်‌နောက်ပြန်အတွေး သမဝါယမစနစ်

(မျက်မှောက်ခေတ်ဆောင်းပါး)

အာဏာသိမ်းစစ်ခေါင်းဆောင်က ခေတ်စနစ်နဲ့ကိုက်ညီတဲ့ သမဝါယမစနစ်ကျင့်သုံးဖို့ ဇူလိုင်လ(၂၉)ရက်နေ့မှာပြုလုပ်တဲ့ ၆/၂၀၂၄အစည်းအဝေးမှာ အမိန့်ပေးသွားတဲ့အကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြလိုက်တဲ့ သမဝါယမစနစ်အကြောင်းနဲ့ပတ်သက်ပြီး၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ သမဝါယမစနစ်ကိုကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ကြရတဲ့ သက်ကြီးပိုင်းတွေက ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်လာကြတာ တွေ့ရပါတယ်။

“သမဝါယမဆိုတာ ဝိုင်းလုပ်၊ဝိုင်းစား စနစ်ကွ၊မင်းမှာ ဆန်ရှိလို့ ရောင်းမရဘူး၊၀ယ်တဲ့လူလည်း မရှိဘူး။မြို့နယ်ကနေ ခွဲတမ်းနဲ့ပေးလိုက်တဲ့ ဆန်၊ဆီ၊ဆား၊ငပိ၊ဆပ်ပြာကို ရွာထဲပြန်ခွဲပေးတာ၊ အဲ့ဒီမှာ သမလူကြီးက ခိုးသေးတာ၊အပ်ချုပ်စက်ပါရင် ရွာထဲမဲဖောက်မပေးဘူး၊ သူတို့ဘာသာ ခွဲယူလိုက်တာ” လို့ သမဝါယမစနစ်ကို ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးက ပြောပါတ
ယ်။

ဈေးကွက်စီးပွားရေးစနစ်ကို တကမ္ဘာလုံးကျင့်သုံးပြီး နေ့စဉ်နဲ့အမျှ နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးနေချိန်မှာ အာဏာသိမ်းစစ်အုပ်စုက ဆိုရှယ်လစ်စနစ် သမဝါယမကို နောက်ကြောင်းပြန်ဖို့ လုပ်နေတာဖြစ်တယ်လို့လည်း အငြိမ်းစား ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။

နိုင်ငံတ၀န်းလုံးမှာ မတရားမှုကို အာခံတုန့်ပြန်နေချိန် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးကအစ မလွယ်ကူချိန်မှာ သမဝါယမ စီးပွားရေးစနစ် ကျင့်သုံးဖို့ ပြောလာတာဟာ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မျက်ခြေပြတ်နေတဲ့လူ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အငြိမ်းစားကျောင်းအုပ်ဆရာကြီးက ဝေဖန်
ထောက်ပြပါတယ်။

“မြို့နယ်က ခွဲတမ်းရတာကို ရွာတွေဘက်သယ်ရတယ်ကွာ၊ အဲ့ဒီမှာ လမ်းခရီးသွားမရတဲ့ ရွာတွေ အများကြီးပဲ၊ဘယ်လို သယ်မလဲ၊စဉ်းစားပေါ့၊အရင်က သမဝါယမလုပ်တာတောင် ငပိပုတ်တွေ၊ပိုးကျနေတဲ့ဆန်တွေ မငတ်အောင်စားကြရတာ၊အဲ့ဒါ အခုလို သွားလာရေး ဒီလောက်မခက်ဘူး”လို့ အငြိမ်းစား ကျောင်းအုပ် ဆရာကြီးက ပြောတယ်။

ဆပ်ပြာလိုချင် ငပိပါတွဲယူရမယ်တို့၊ဆီ ရချင်ရင် ပိုးကျတဲ့ဆန်ပါ တွဲယူရမယ်တို့ ဆိုတဲ့ သမဝါယမ ခေတ်ကို ကြုံတွေ့ဖြတ်သန်းလာကြရတဲ့သက်ကြီးပိုင်းပြည်သူတွေကတော့ အာဏာသိမ်း စစ်ခေါင်း ဆောင်ရဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ကြရတာဖြစ်ပါတယ်။

“ကုလားပဲတွေ သူတို့၀ယ်ဈေးနဲ့ မကိုက်လို့ မရောင်းတာကို လာဖမ်းလို့ အချုပ်ထဲ ၇ ရက်နေဖူးတယ်ဗျာ၊ကိုယ်စိုက်တဲ့ ပဲကို မရောင်းချင်လို့မရောင်းဘဲနေတာ အချုပ်၇ ရက်ကျတာ သမဝါယမ စနစ်ပဲဗျ၊ဘာသိချင်သေးလဲ”လို့ အသက် (၈၀)၀န်းကျင်အရွယ် အညာကျေးလက်နေအဖိုး တစ်ဦးက ပြောပါတယ်။

သမဝါယမ စနစ်မှာ ကိုယ်တိုင် အပင်ပန်းခံ စိုက်ပျိုးပြီးမှ ရရှိလာတဲ့ စပါး၊ပဲ၊ဂျုံ၊ပြောင်း စတဲ့ သီးနှံတွေကို အစိုးရဆိုတဲ့ အခွင့်ထူးခံ လူတစ်စုရဲ့ အမိန့်နဲ့ မတော်မတရား ဈေးနှိမ်ခံရပြီး ရောင်းချကြရတာဖြစ်တယ်လို့ သက်ကြီးပိုင်းတောင်သူတွေက ပြောပါတယ်။

ဈေးမကြိုက်လို့ မရောင်းဘဲနေရင်တောင် အိမ်တွေ၊စပါးကျီတွေထဲအထိ ၀င်ရှာပြီး သတ်မှတ်တင်းရေထက် ကျော်နေတာတွေ့ရင် ဖမ်းဆီးခံကြရတာဖြစ်ပါတယ်။

“ဒီအိမ်မှာ လူ ၅ ယောက်ရှိတယ်ဆိုရင် တစ်နှစ်စာ စပါး ၁၀၀ ပဲ ထားရမယ်၊ပိုရင် ဖမ်းမယ်၊တကယ်လည်း အဲ့လိုဖမ်းတာ၊ဈေးက စိုက်စရိတ်တောင် မကာမိမှတော့ မိသားစု ထမင်းမငတ်ဖို့ မရောင်းတော့ဘူးလေ၊ မရောင်းတော့ လာစစ်ရင် ကိုယ့်စပါးကိုဖွက်ရတာတွေ၊ပြေးရတာတွေ အစုံပါပဲကွာ”  လို့ သက်ကြီးပိုင်း တောင်သူတဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီတဲ့ သမဝါယမ စီးပွားရေးစနစ် ကျင့်သုံးဖို့ အမိန့်ပေးလာပေမယ့် သမဝါယမ စနစ်မှာ ကိုယ်တိုင် ဖြတ်သန်း၊ကြုံတွေ့လာခဲ့သူတွေကတော့ ခါးခါးသီးသီးနဲ့ အတိတ်က အနာတွေကို တဖန်ပြန်လည်ခံစားကြရသလို ရင်ဖွင့်ကြပါတယ်။

error: Content is protected !!