လွမ်းရသော အတိတ်၊ နွမ်းလျသော ပစ္စုပ္ပန်
(မျက်မှောက်ခေတ် ဆောင်းပါး)
ကံကြမ္မာဆိုးနဲ့ကြုံခဲ့သူတွေကလွဲရင် ပျော်စရာကောင်းတဲ့အတိတ်ကအကြောင်းတွေကို လူတိုင်း လွမ်းဆွတ်သတိရတတ်ကြစမြဲပါ။
လက်ရှိမြန်မာနိုင်ငံက လူတွေကို”အာဏာမသိမ်းခင်တုန်းက ဘယ်လိုလဲဗျ၊အခုနဲ့ ဘာကွာလဲ”လို့ လိုက်မေးရင်”မေးမှမေးတတ်ပလေတယ်”လို့ ခေတ်ဆိုးကြီးရဲ့ ဒဏ်ကိုခံနေကြရတဲ့ လူအများစု ပြန်ပြောကြပါလိမ့်မယ်။
တဘို့တည်းသမားတွေရဲ့ အာဏာ၊စည်းစိမ် နဲ့အတ္တတွေကြောင့် လူအများမှာ ဒုက္ခပေါင်းစုံကို ရင်ခွင်ထဲမဆန့်တော့ဘဲ ကျောပြင်မှာပါ သယ်ပိုးထားကြရပါတယ်။
ဒီလိုအချိန်မှာ “အာဏာမသိမ်းခင် ကာလတွေတုန်းက နဲ့ အခု ဘယ်လို လဲ”လို့ သွားမေးခဲ့ရင် မေးတဲ့လူကို “ရူးနေတာလားလို့” ပြန်မပြောရင်ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
လူတစ်ချို့ကတော့ ပြောပါလိမ့်မယ်။ “ရွှေထီးဆောင်းတုန်းက အချိန်တွေ လွမ်းမနေနဲ့ ဘ၀ဆိုတာ ဒီလိုပဲ၊ဒေါင်ကျကျ ပြားကျကျ ခံရမှာပဲ”လို့။
ဒေါင်းကျကျ ပြားကျကျ မခံချင်လည်း ခံနေရပေမယ့် အာဏာမသိမ်းခင်အချိန်တွေက ပျော်စရာကောင်းခဲ့တာတွေကိုတော့ ဒုက္ခတွေကြားကပဲ လွမ်းရပါတယ်။
ပျော်စရာတွေပဲ ဆက်တိုက်ကြုံတွေ့နေရတဲ့ အချိန်တွေမှာတုန်းက သမံကာ လျှံကာ ကြည်နူးစရာလို့ ထင်မှတ်ခဲ့ပေမယ့် ဒုက္ခတွေ တသီကြီး ကြုံတွေ့ရချိန်မှာတော့ ပျော်စရာကောင်းခဲ့တဲ့ အချိန်ကာလတွေကို ဆွေးဆွေးမြေ့မြေ့ကြီး လွမ်းဆွတ် သတိရမိပါတော့တယ်။
သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ် တစီးကိုရှေ့၊နောက် အတူတူစီးပြီး ညနက်တဲ့အထိ မြို့ထဲ သွားလာကြတာတွေ၊ညနက်ပိုင်းတွေ ဗိုက်ဆာလည်း မိုးလင်းပေါက်ဖွင့်တဲ့ လက္ဖက်ရည်ဆိုင်သွားပြီး ထမင်းကြော် စားခဲ့တာတွေ၊စစ်သား၊ရဲသားတွေ့လည်း ကြောက်ရွံ့စိတ် မဖြစ်ခဲ့ရတဲ့ အာဏာသိမ်းမခံရခင်ကအချိန်တွေကို တရှိုက်မတ်မတ် လွမ်းဆွတ်ရပါတယ်။
အင်တာနက်သုံးတဲ့အခါ 1GB ကို ၄၅၀ပဲ ရှိတဲ့အချိန် ၊ ထမင်းကြော်တစ်ပွဲ ၁၀၀၀၊ဓာတ်ဆီ တစ်လီတာ ၇၀၀ ၀န်းကျင်အချိန်တွေကို ငယ်ချစ်ဦးထက် ပိုပြီး လွမ်းမိပါတယ်။
အခုများတော့ဖြင့် ဆိုင်ကယ်တစ်စီးတည်း အမျိုး သားနှစ်ယောက် စီးလို့မရတော့။ အင်တာနက် 1GB ကို တစ်ထောင်ကျပ်၊ Facebook သုံးတဲ့အခါ VPN ဆိုတာ ခံပြီးမှ သုံးရတယ်။
ဓာတ်ဆီ တစ်လီတာကို ၄၀၀၀ ၀န်းကျင်၊ဆန်တစ်ပြည်ကို ၃၀၀၀ ထက်နည်းတဲ့ ဆန်မျိုးမရှိပါ။
တနေ့လုပ်အားခ ကျပ်တစ်သောင်း ၀န်းကျင်ရတဲ့ လက်လုပ်လက်စား ပြည်သူတွေမှာ ဆိုင်ကယ်နှစ်ယောက်ပိုးစီးခွင့်မရတဲ့အပြင် ဓာတ်ဆီဈေး၊ဆန်ဈေး၊ဆီဈေး စတဲ့ ကုန်ဈေးနှုန်းမြင့်တဲ့ ဒဏ်ကို အလူးအလိမ့် ခံစားနေကြရပါတယ်။
အဲ့ဒီအပြင် မြို့ပေါ်သွားလာရေးကလည်း လွယ်ကူလှသည်တော့ မဟုတ်ပါ။ဘောင်းဘီ၀တ်လူတစ်စု ရှိ၊မရှိဆိုတာကို မျက်စိတဆုံး လှမ်းမျှော်ကြည့်ရသေးတာပါ။
ဘောင်းဘီ၀တ် စစ်အုပ်စုရဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရရင် အနည်းဆုံး ဆဲခံကြရပါတယ်။ဒီထက်ပိုရင် ကျပ်သိန်းဂဏန်း အကြောင်းမဲ့ ပေးကြရသူတွေလည်း ရှိတယ်။
ပြီးတော့ ဘယ်နေ့၊ဘယ်အချိန်မှာ လက်နက်ကြီးတွေ၊လက်နက်ငယ်တွေ ကျမှန်ပြီး ဘာဖြစ်မယ်ဆိုတာကို မသိရဘဲ တအုန်းအုန်း၊ တဒိုင်းဒိုင်း အသံတွေက ရက်မခြား ကြားရပါသေးတယ်။
မြို့ပေါ်မှာနေထိုင်ကြပြီး အသက်ရှင်ရပ်တည်ရေးအတွက် အခုလောက် ဒုက္ခခံကြရသည်မှာအာဏာ သိမ်းစစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှု၊ဖမ်းဆီးသတ်ဖြတ်မှုတွေ ကြုံတွေ့ကြရတဲ့ စစ်ရှောင်ပြည်သူတွေထက် ခံသာသေးတယ်ဆို ပေမယ့် ဒုက္ခရောက်ကြရတာကတော့ အတူတူပဲဖြစ်ပါလိမ့်မယ်။
သမ္မတကြီးဖြစ်ချင်သူတစ်ယောက်သာ စည်းစိမ်၊အာဏာနဲ့ အတ္တမကြီးခဲ့ရင် အခုလို နွမ်းလျတဲ့ ပစ္စပ္ပုန် ကာလတွေအစား ကျွန်တော်တို့ လွမ်းရတဲ့ အတိတ်တွေထက် သာလွန်ကောင်းမွန်တဲ့ အချိန်ကာလတွေနဲ့ ဖြတ်သန်းနေကြရမည်မှာ မြေကြီးကို လက်နဲ့ပုတ်တာကမှ လွဲချင်လွဲလိမ့်မည်။