ဒုက္ခပေါ် အပူဆင့်လာတဲ့ အခြေခံပြည်သူတွေ
(မျက်မှောက်ခေတ်ဆောင်းပါး)
မော်တော်ဆိုင်ကယ်ကိုအသုံးပြုပြီး အလုပ်သွား၊ အလုပ်ပြန်လုပ်ကြရတဲ့ မုံရွာဒေသတွင်းက အခြေခံ လက်လုပ်၊လက်စား ပြည်သူတွေအတွက် ဒုက္ခပေါ် အပူဆင့်တဲ့ အခြေနေတစ်ရပ်ကို ကြုံတွေ့နေကြရပါတယ်။
ဓာတ်ဆီတစ်လီတာ (ရေသန့်ဘူးတစ်ဘူး) ကို ကျပ်ငွေ ၅၀၀၀ ဖြစ်သွားလို့ပါ။မုံရွာမြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာကဒေသခံပြည်သူတွေဟာ မနက်မိုးလင်းတာနဲ့ မြို့ပေါ်ကို ဆိုင်ကယ်နဲ့တက်လာပြီးဈေးရောင်း၊
ဈေး၀ယ်လုပ်တာ၊သံချည်သံကွေး၊ပန်းရံ၊လက်
သမား စတဲ့ အခြေခံအလုပ်တွေ လာရောက်လုပ်ကိုင်ပြီး အသက်မွေး၀မ်းကြောင်းနေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မုံရွာမြို့နဲ့ဒေသတွင်းမှာ ဆိုင်ကယ်တစ်စီးတည်းကို အမျိုးသား (၂) ယောက် စီးနင်းခွင့် မတရား ကန့်သတ်ထားတာကြောင့် အခြေခံအလုပ်သမားတွေမှာ ဆိုင်ကယ်တစ်စီးကို တစ်ယောက်သာစီးနင်းပြီး အလုပ်လာနေကြရတာဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကာလတွေတုန်းက ပန်းရံဆရာ၊လက်သမားဆရာတွေဟာ လုပ်ငန်းခွင်ကိုသွားဖို့အတွက် အလှည့်ကျပုံစံ နဲ့ဆိုင်ကယ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
“အရင်ကဆိုဗျာ ဒီနေ့ ကျွန်တော့်ဆိုင်ကယ် နဲ့သွားရင် နောက်ရက် သူ့ဆိုင်ကယ်နဲ့သွားတယ်၊တလှည့်စီပေါ့၊နှစ်ယောက် တစ်စီးသွားရတော့ ဆီဖီုး(ဓာတ်ဆီ) သက်သာတာပေါ့၊အခုကြ ကိုယ့်ဆိုင်ကယ်နဲ့ကိုပဲ သွားရတော့တာ၊ပိုကုန်တာပေါ့”လို့ မုံရွာမြို့နယ် ဒေသတွင်းကျေးရွာတစ်ခုက လက်သမားဆရာတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေက လက်သမား၊ပန်းရံ၊သံချည်သံကွေး စတဲ့ အခြေခံအလုပ်သမားတွေ လာရောက်လုပ်ကိုင်ကြရာမှာအလုပ်ခွင်နဲ့ ကျေးရွာရဲ့ အနီးအဝေးပေါ်မူတည်ပြီး ဆိုင်ကယ်ဆီဖိုး ကုန်ကျကြပါတယ်။
မုံရွာမြို့ပေါ်ကို မုံရွာတောင်နယ်ကျေးရွာကပြည်သူတွေ၊အရှေ့နယ်ကပြည်သူတွေနဲ့ အရင်ကတော့ ချင်းတွင်းမြစ်တဖက်ကမ်း ယင်းမာပင်၊ ဆားလင်းကြီးနယ်က ပြည်သူတွေ လာရောက်ပြီး အလုပ်လုပ်ကြတာဖြစ်ပါတယ်။
“မုံရွာက အလုပ်သမားစုံတယ်ဗျ၊မြစ်အနောက်ဘက်ကလည်းလာတယ်၊တောင်လက်ရော၊အရှေ့လက်ရော လာကြတယ်၊လုပ်အားခ က တရက်ကို တစ်သောင်းကနေ တစ်သောင်းခွဲ၀န်းကျင်ပဲ ရကြတာပါ၊အလုပ်သင်ဆိုရင်တော့ ၈၀၀၀ လောက်ပဲရတယ်”လို့ မုံရွာတောင်နယ်က ပန်းရံဆရာတစ်ဦးက ပြောပါတယ်။
နေပူ၊မိုးရွာထဲမှာ အားအင်အသုံးပြုပြီး တနေကုန် အလုပ်လုပ်မှ ကျပ်ငွေ တစ်သောင်း၀န်းကျင်ပဲ ရတဲ့အချိန်မှာ ဓာတ်ဆီတစ်လီတာကိုကျပ် ၅၀၀၀ပေး၀ယ်ရတဲ့အတွက် အခြေခံလက်လုပ်၊လက်စား ပြည်သူတွေရဲ့ စား၀တ်နေရေးက ပိုပိုပြီး ဒုက္ခဖြစ်လာနေပါတယ်။
ဓာတ်ဆီ တစ်လီတာကို ကျပ် ၂၀၀၀ ၊တနေ့လုပ်အားခ ကျပ် တစ်သောင်း၊ဆန်ဈေး၊ဆီးဈေးနဲ့ ဟင်းချက်စရာ အသားငါးဈေး အခုလောက်မတက်ခင်က တောင်ပြည်သူတွေမှာ အကြပ်အတည်း မျိုးစုံနဲ့ ရပ်တည်နေကြရတာဖြစ်ပါတယ်။
“အရင်က ဆီတစ်ဗူးမှ တစ်ထောင်တောင် မရှိဘူး၊အဲ့ဒီတုန်းက လုပ်အားခက ရှစ်ထောင်၊တစ်သောင်းရတယ်၊ ပိုတယ်မဟုတ်တောင် စားလောက်တယ်ဗျာ၊အခု လုပ်သမျှက ဆိုင်ကယ်ဆီဖိုးပဲ ဖြစ်နေတာ ဘယ်လိုလုပ်တော့မှာတုန်း”လို့ မုံရွာတောင်နယ်က ပန်းရံဆရာတစ်ဦး ကပြောပါတယ်။
စစ်ကောင်စီတပ်က မတရားအာဏာသိမ်းပြီးအာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီသမ္မတရာထူးကို အဓမ္မရယူပြီးချိန်မှာလည်း မြန်မာနိုင်ငံရဲ့အခြေနေအရပ်ရပ်က ကောင်းမလာဘဲ ပိုပိုပြီးဆိုးသွားနေပါတယ်။
ဒေသတွင်းမှာ အခြေခံလက်လုပ်လက်စားပြည်သူတွေရဲ့ စား၀တ်နေရေး ကြပ်တည်းလာတာနဲ့အမျှ ခိုး၊ဆိုး၊လု၊နှိုက်အန္တရာယ်ကိုလည်းစိုးရိမ်နေကြရတယ်လို့ မြံရွာမြို့ခံပြည်သူတွေက ပြောပါတယ်။
“လူတွေက အလုပ်မရှိကြတော့ ကြောက်ရတယ်။ရှိတဲ့အလုပ်ကလည်း မစားလောက်ကြဘူး၊ဆီဈေး၊ဆန်ဈေး၊ဓာတ်ဆီဈေးတွေက မကြားဝံ့အောင်ဖြစ်နေတော့ သူခိုး၊ဂျပိုးတွေ ပေါလာမှာ ကြောက်ရတယ်”လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်လုပ်၊လက်စား၊အခြေခံပြည်သူတွေအဖို့လုပ် အားခတိုးလာဖို့ မျှော်လင့်မရတဲ့အချိန်မှာအခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြီးမြင့်တာ၊လုပ်ငန်းလိုအပ်ချက်အရအသုံးပြုနေရတဲ့ ဆိုင်ကယ်ဆီဈေးနှုန်း မြင့်တက်လာတာကိုပါ ကြုံတွေ့လာကြရတာကြောင့် ဒုက္ခပေါ် ကို အပူဆင့်လာသလို ဖြစ်နေကြရပါတယ်။