Home > Uncategorized > တောင်တန်းတွေကိုကျော်ခဲ့ပြီ

တောင်တန်းတွေကိုကျော်ခဲ့ပြီ

တောင်တန်းတွေကိုကျော်ခဲ့ပြီ

တက်နေထွန်း

(မျက်မှောက်ခေတ်ဆောင်းပါး)

နယ်မြေတွေကိုဆင်းရတဲ့ သတင်းထောက်တစ်ဦးအနေနဲ့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ရတာ အဆန်းတော့မဟုတ်ပါဘူး။ နယ်မြေကိုဆင်းနေစဥ် လူမှုဘဝတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ဘဝတွေကို မြင်တွေ့ခဲ့ရပါတယ်။ အင်တာနက်လိုင်း အခြေအနေအရ တွေ့မြင်ရတဲ့ သတင်းတွေကို ချက်ချင်းပို့ဆောင်နိုင်ခြင်း မရှိပေမယ့် ဆောင်းပါးတွေအဖြစ်တော့ စာဖတ်သူတွေဆီကို တင်ဆက်နိုင်ခဲ့၊ တင်ဆက်သွားဦးမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ ကျနော်ဖြတ်သန်းခဲ့ရတဲ့ တောင်တန်းခရီးစဥ်အကြောင်းကို တင်ပြချင်ပါတယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ခရီးကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကိုသွားခဲ့ရတဲ့ ခရီးစဥ်ဖြစ်ပါတယ်။ ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်ဟာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ထိစပ်နေတဲ့ မြို့နယ်နှစ်ခုဖြစ်ပါတယ်။

တကယ်တော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မကွေးတိုင်း၊ ဂန့်ဂေါမြို့ကို ကလေး – ဂန့်ဂေါ လမ်းမကြီးအတိုင်း ကားနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ်သွားရင် သုံးနာရီသာကြာတာပါ။ ဒါပေမယ့် ကလေး – ဂန့်ဂေါ လမ်းမကြီးပေါ်က ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း ပျူစောထီးရွာတွေရှိနေတဲ့အတွက် လမ်းမကြီးအတိုင်း သွားလာနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ကလေးကနေ ဂန့်ဂေါကို သွားချင်ရင် ချင်းတောင်တန်းကြီးတွေပေါ်ကနေ တကွေ့တပတ်သွားရပါတယ်။

ချင်းတောင်တန်းကြီးတွေပေါ်ကနေ တကွေ့တပတ်သွားရတဲ့ခရီးဟာ ခုလိုမိုးရာသီမှာ အလွန်ခက်ခဲပါတယ်။ ကလေးမြို့နယ်ကနေ ချင်းတောင်တန်းကိုစတက်ရပါတယ်။ ဝေဘူလ၊ ဘားတံတား၊ ဖလမ်း၊ ဟားခါးကနေတဆင့် ဂန့်ဂေါမြို့နယ်ထဲကိုဆင်းရပါတယ်။ ဒီခရီးစဥ်မှာ စစ်ကောင်စီတပ်တွေရှိနေသေးတဲ့ ဖလမ်းမြို့နှင့် ဟားခါးမြို့ကို ဖြတ်သန်းသွားဖို့က အန္တရာယ်များတာကြောင့် အဆိုပါနှစ်မြို့ကို ကွင်းပြီးသွားရပါတယ်။ အဆိုပါနှစ်မြို့ကို ကွင်းရတဲ့အတွက် လမ်းခရီးဟာ အများကြီးပိုခက်ခဲသွားပါတော့တယ်။

စာရေးသူဟာ ဒီလမ်း၊ဒီတောင်တန်းတွေကို ဖြတ်ကျော်ဖို့ ရဲဘော်တွေရဲ့အကူအညီနဲ့ ဆိုင်ကယ်ကယ်ရီငှားခဲ့ရပါတယ်။ ဒီတောင်ပေါ်လမ်းကြမ်းကြီးကို သွားဖူးလာဖူးပြီး ဆိုင်ကယ်စီးကျွမ်းကျင်သူတွေသာ စီးရဲတာပါ။ ကလေးမြို့နယ်ကနေ အနောက်ဘက်ကိုစထွက်တာနဲ့ ချင်းတောင်တန်းကြီးကို စတက်ရပါတယ်။ တောင်တန်းကြီးတွေကို မြင်ရတော့ စိတ်ကြည်နူးမှုဖြစ်ရသလို၊ စိတ်ခွန်အားတွေလည်း ရခဲ့ပါတယ်။

မနက်ရှစ်နာရီလောက်ကနေ စထွက်ခဲ့တဲ့ခရီးဟာ မနက်ဆယ်နာရီကျော်မှာ ဝေဘူလမြို့ကလေးကိုရောက်ပါတယ်။ ဝေဘူလကိုရောက်တော့ သာယာလှပတဲ့ အကွင်းအကွက်တွေနဲ့ စာသင်ကျောင်းကလေးကို တွေ့မြင်ခဲ့ရပါတယ်။ အဆိုပါစာသင်ကျောင်းကလေးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ်က ဗုံးကြဲခဲ့တာကြောင့် ကျောင်းအုပ်ဆရာကြီးမိသားစုနှင့် ကလေးတွေသေဆုံးခဲ့ရပါတယ်။ မြို့ဝန်းကျင်မှာ မြူခိုးတွေက ဝေလို့ပါ။ ကြေကွဲနေတဲ့တိမ်တွေဖြစ်မယ်ထင်ပါရဲ့။

နေ့လယ်ဆယ့်နှစ်နာရီလောက်မှာ ဗရ်တံတားကိုရောက်ပါတယ်။ တံတားမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရှိပါတယ်။ တံတားအကျော်လမ်းဘေးတလျောက် ထမင်းဆိုင်တွေရှိပါတယ်။ ထမင်းဆိုင်တွေမှာ ထမင်းအပါအဝင် အခြားစားစရာတွေ၊ ဖျော်ရည်မျိုးစုံတွေရပေမယ့် အရက်ကိုတော့ လုံးဝတားမြစ်ထားပါတယ်။ ” ရဲဘော်တွေရှိနေတဲ့အတွက် အရက်ရောင်းခွင့်ကိုတားထားတာ” လို့ ကျနော့်ကို လိုက်ပို့တဲ့ရဲဘော်ကဆိုပါတယ်။

ဗရ်တံတားမှာနေ့လယ်စာက တောင်ပေါ်ဒေသမို့စျေးကြီးပါတယ်။ နေ့လယ်စာစားပြီးနောက် ဗရ်ကနေဖလမ်းဘက်တက်ခဲ့ကြပါတယ်။ ဖလမ်းဘက်ကိုရောက်တော့ ဖုန်းလိုင်းတွေပြတ်တောက်သွားပါတော့တယ်။ ဖုန်လိုင်းတွေပြတ်တောက်သွားတဲ့အတွက် လမ်းပြပေးမယ့်သူဆီ ဖုန်ဆက်လို့မရတော့ပါ။ အချိန်လည်းလင့်နေပြီမို့ ဗရ်တံတားက ထမင်းဆိုင်ကိုဆင်းပြီး အိပ်ခဲ့ရပါတော့တယ်။

ဗရ်တံတား ထမင်းဆိုင်ပိုင်ရှင် ညီမကရော၊ ကလေးဘက်ကနေ ကျောက်ထုတ်လုပ်ငန်းလုပ်နေကြတဲ့ အိမ်ကရော သူတို့အိမ်တွေမှာ လာအိပ်ကြဖို့ခေါ်ပေမယ့် လွတ်လွတ်လပ်လပ်အိပ်ချင်တာကြောင့် ထမင်းဆိုင်ကတန်းလျားတွေပေါ်မှာပဲ နှစ်ယောက်သားအိပ်စကားတပြောပြောနဲ့ အိပ်စက်ခဲ့ကြပါတယ်။

#တက်နေထွန်း

error: Content is protected !!