တောင်တန်းတွေကိုကျော်ခဲ့ပြီ (၂)
တက်နေထွန်း
(မျက်မှောက်ခေတ်ဆောင်းပါး)
နောက်တစ်နေ့မနက် ခုနစ်နာရီကျော်မှာ ဆက်လက်ခရီးထွက်ခဲ့ပါတယ်။ ဖုန်းလိုင်းက မမိတော့တဲ့အတွက် ဖုန်းနဲ့လမ်းပြပေးမယ့်သူကို မျှော်လင့်လို့မရတော့ပါဘူး။ အဲဒါကြောင့် ညကတည်းက လမ်းသိတဲ့သူတွေကို ရှာဖွေမေးမြန်းပြီး စမ်းတဝါးဝါးနဲ့ ခရီးဆက်ခဲ့ကြရပါတယ်။ ဖလမ်းမြို့ကို ကွင်းရတဲ့လမ်းဟာ တော်တော်ရှုပ်ထွေးပြီး လမ်းလည်းဆိုးပါတယ်။ နောက်ဆုံးတော့ ဟိုမေး၊ သည်မေးနဲ့ ဖလမ်းမြို့ကိုကွင်းပြီး ဖလမ်းဟားခါး လမ်းမကြီးပေါ်ရောက်ရှိသွားကြပါတော့တယ်။ ဖလမ်း- ဟားခါး လမ်းမကြီးကတော့ လမ်းကောင်းတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် တောင်ပေါ်ဒေသမို့ မိုးခဏခဏ ရွာပါတယ်။ မိုးရွာရင် မိုးကာတွေထုတ်ဝတ်ပြီး မောင်းလိုက်၊ မိုးတိတ်ရင် မိုးကာတွေချွတ်လိုက်နဲ့ မောင်းခဲ့ကြရပါတယ်။ မိုးကာခြုံတယ်ဆိုတာ လူကိုသာခြုံရတာမဟုတ်ပါဘူး။ ဝန်နဲ့အား မမျှအောင်တင်လာတဲ့ ဆိုင်ကယ်ပေါ်က ဝန်ထုပ်တွေကိုပါ မိုးမစိုအောင်ခြုံကြရတာပါ။ဖလမ်းနဲ့ဟားခါးကြားမှာ နေ့လယ်စာထမင်းစားချိန်က ကျော်နေပါပြီ။ ဒါပေမယ့် လမ်းဘေးကျေးရွာကလေးတွေမှာ ဘာထမင်းဆိုင်မှမရှိပါဘူး။ နောက်ဆုံးလမ်းဘေးမှာ တဲကလေးဆောက်ပြီး စျေးရောင်းနေတဲ့ဆိုင်ကလေးကို ဝင်မေးတော့ ကြက်ဥပြုတ် ၊ မာမားရတယ်ဆိုလို့ ဒါကိုပဲနှစ်ယောက်သားစားပြီး ခရီးဆက်ခဲ့ကြရပါတယ်။ဟားခါးမြို့နီးလာတော့ ကျနော်တို့နှစ်ယောက်လုံး မျက်စိရှင်ရှင်ထားပြီး မောင်းလာခဲ့ကြရပါတယ်။ ဟားခါးမြို့မရောက်ခင် ဂန့်ဂေါမြို့နယ်ထဲကို ဖြတ်ဆင်းတဲ့လမ်းခွဲရှိလို့ပါ။ ဟားခါးမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းပုဒ်ကိုကျော်ပြီး အနည်းငယ်မောင်းမိတဲ့အခါ မော့တက်နေတဲ့ လမ်းခွဲကလေးကိုတွေ့ပါတယ်။ ဒီလမ်းလေးအတိုင်း ကျနော်တို့ဆက်မောင်းခဲ့ကြပါတော့တယ်။ဂန့်ဂေါမြို့နယ်ထဲကို ဖြတ်ဆင်းတဲ့ ဒီလမ်းကတော့ လာမိခဲ့သမျှလမ်းထဲမှာ အဆိုးဆုံးလို့ ဆိုရမှာပါ။ ဖြတ်ဆင်းတဲ့လမ်းဆိုပေမယ့် ခရီးကမနီးပါဘူး။ တနေကုန်နီးပါး စီးရတဲ့ခရီးဖြစ်ပါတယ်။ ကျနော့ကို လိုက်ပို့တဲ့ရဲဘော်က ဆိုင်ကယ်စီးကျွမ်းကျင်တာမို့ ဒီနေ့ရောက်အောင်မောင်းမယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ကျနော်တို့ လမ်းကြမ်းကြီးကိုခရီးဆက်ခဲ့ကြပါတယ်။ တောင်တန်းကြီးတွေကတော့ တစ်တောင်ပြီး တစ်တောင်ဆင့်လို့ ကာဆီးနေပါတော့တယ်။ လမ်းမှာ ဆိုင်ကယ်တစ်စီးနှစ်စီးကိုသာ တွေ့ခဲ့ရပါတယ်။ လူသူပြတ်လပ်လွန်းတဲ့လမ်းပါပဲ။မြေပြန့်နဲ့အနည်းငယ်နီးလာမှ မော်တော်ကားတစ်စီးနှစ်စီးနှင့် ရွာကလေးတွေကို တွေ့လာရပါတယ်။ ဟံသာဆိုတဲ့ရွာကလေးကိုရောက်တော့ ညနေ ၆ နာရီထိုးနေပါပြီ။ ဗိုက်လည်းဆာလှပြီမို့ ဟံသာရွာကစျေးဆိုင်လေး တစ်ဆိုင်ကိုဝင်ပြီး ပေါင်မုန့်ထုပ်ဝယ်ပြီးစားကြပါတယ်။ ဆိုင်ရှင်က ဓာတ်ဗူးနဲ့ရေနွေး၊ ကော်ဖီမစ်နှစ်ထုပ် ချပေးပါတယ်။ ဆိုင်ရှင်က ကျေးရွာရဲ့ဒုအုပ်ချုပ်ရေးမှုးလို့ သိရပါတယ်။ ပိုက်ဆံရှင်းမယ်လုပ်တော့ “မပေးနဲ့” လို့ပြောပါတယ်။ ကျနော်တို့ကို တော်လှန်ရေးဘက်တော်သား တွေမှန်းသိလို့ ပိုက်ဆံမယူတာပါ။ ကျနော်က ယူပါဆိုပြီးပေးမယ်လုပ်တော့ အုပ်ချုပ်ရေးမှူးရဲ့အဖေက ” မပေးနဲ့ဆို မပေးနဲ့ ” လို့ ထပ်ပြောပါတယ်။ ဒါဟာ ချင်းလူမျိုးတို့စရိုက်တစ်ခုပါပဲ။ဟံသာကနေထွက်ခဲ့တော့ မိုးချုပ်နေပါပြီ။ တောင်တန်းပေါ်ကလမ်းဟာလည်း ပိုကြမ်းလာပါတယ်။ ကျနော့စိတ်ထဲမှာ အားငယ်စိတ်တွေလည်းဝင်နေပါပြီ။ အဓိကကတော့ လမ်းမှားမှာကိုကြောက်တာပါ။ ကျနော်တို့ဆင်းရမယ့် လမ်းခွဲက တောင်ခင်ရမ်းလမ်းခွဲပါ။ တောင်ခင်ရမ်းရဲ့ မြောက်ဘက်မှာ PDF ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် ရက်ရက်စက်စက် မီးရှို့သတ်ခဲ့တဲ့ မြောက်ခင်ရမ်းပျူစောထီးရွာရှိပါတယ်။ လမ်းမှားပြီး ပျူစောထီးတွေနဲ့တိုးမှာကိုစိုးရိမ်တာပါ။ လမ်းမှာ နွားမောင်းနေတဲ့လူတွေတော့ မေးရပါတယ်။ လမ်းလည်းနည်းနည်းမောင်းပြီးရင်ကောင်းတော့မှာပါ။ တည့်တည့်သာမောင်းပါ မှားစရာမရှိပါဘူးဆိုလို့ အားတက်ရပါတယ်။ညအချိန်ကြီး လမ်းဆိုးကိုမောင်းနေရတာ အချိန်တွေဟာ ပိုကြာသလိုခံစားရပါတယ်။ လမ်းဆိုးတွေအလွန် မြေပြန့်လမ်းကိုရောက်တော့ အနည်းငယ်စိတ်သက်သာရာရလာပါတယ်။ လမ်းဘေးစျေးဆိုင်လေးတစ်ဆိုင်တွေ့တော့ စိတ်ထဲမှာ ပျော်ရွှင်သွားပါတယ်။ ဆိုင်ကယ်ရပ်ပြီး ဆေးလိပ်ဝယ်ရင်း လမ်းမေးတော့ ဂန့်ဂေါ- ကလေး လမ်းမကြီးပေါ်ရောက်တော့မှာဖြစ်ကြောင်း ပြောပြပါတယ်။ ကျနော်တို့လည်း စိတ်ပျော်ရွှင်စွာ မောင်းလာခဲ့ကြပါတော့တယ်။ ဂန့်ဂေါ-ကလေး လမ်းမကြီးပေါ်ကိုရောက် ၊ တောင်ဘက်ကိုချိုးပြီး နှမ်းခါးကျေးရွာကို ဆက်မောင်းခဲ့ကြပါတယ်။ ဆယ့်ငါးမိနှစ်ကျော်လောက်မောင်းတော့ ကျနော်ညအိပ်ရမယ့် နှမ်းခါးကျေးရွာကို ရောက်ပါတယ်။ နာရီကိုကြည့်လိုက်တော့ ည ၈နာရီ၃၀ ရှိပါပြီ။ ကျနော်တို့ရဲ့ မိုင်နှစ်ရာဝန်းကျင်ရှိတဲ့ ချင်းတောင်တန်းခရီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ကလေး- ဂန့်ဂေါ ကားလမ်းမကြီးပေါ်က ပျူစောထီးကျေးရွာတွေဖြစ်တဲ့ မြောက်ခင်ရန်း၊ ကုက္ကား ၊ ဟံသာဝတီကျေးရွာ တွေကို မဖြိုနိုင်သမျှတော့ ကလေးကနေဂန့်ဂေါ၊ ဂန့်ဂေါကနေကလေး သွားလာမယ့်သူတွေဟာ ချင်းတောင်တန်းကြီးတွေကို ကျော်ဖြတ်ကြရဦးမှာပါ။
#တက်နေထွန်း