စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မုန့်ဟင်းခါးဆိုင်လေးတက်နေထွန်း(မျက်မှောက်ခေတ်ဆောင်းပါး)စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ရုန်းကန်နေတဲ့ တော်လှန်ရေးမိသားစုတစ်စုကို ကလေးမြို့နယ်၊ ကျေးရွာတစ်ရွာမှာ စာရေးသူ တွေ့မြင်ခဲ့ရပါတယ်။သူတို့မိသားစုက လင်မယားနှစ်ယောက်ရယ် မူကြိုအရွယ်သားလေးတစ်ယောက်ရယ် သုံးယောက်တည်းပါ။ သူတို့ဟာ ကျေးရွာခံတွေ မဟုတ်ကြပါဘူး။ တော်လှန်ရေးအတွက် အရပ်တပါးကနေ အမျိုးသားဖြစ်သူ တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းရှိရာ အဆိုပါကျေးရွာမှာ လာရောက်နေထိုင်နေကြတာပါ။“အစကတော့ သူတစ်ယောက်တည်း။ ကျမတို့သားအမိက ကိုယ့်ဇာတိ၊ မိဘအိမ်မှာ ကျန်ခဲ့တာ။ ကြာလာတော့ မဖြစ်တော့ဘူးဆိုပြီး သူရှိရာ သားအမိနှစ်ယောက် လိုက်လာကြတာ” လို့ အမျိုးသမီးဖြစ်သူက ပြောပါတယ်။သူတို့သားအမိ လိုက်ခဲ့စဉ်အခါက အမျိုးသားဖြစ်သူရဲ့တပ်ရင်းက ကျေးရွာကိုမရောက်သေးဘဲ တောထဲမှာ အခြေတည် ထားတာပါ။ ဒီတော့ သူတို့သားအမိလည်း တောထဲကို လိုက်နေကြရပါတယ်။“တောထဲမှာ ကျမတို့မိသားစုသုံးယောက် တဲကလေးဆောက်ပြီး နေကြတာပေါ့။ ဆင်းရဲတာတော့ မပြောနဲ့တော့။ တပ်ရင်းကပေးတဲ့ဆန်နဲ့ အနီးအနားက ဟင်းသီးဟင်းရွက်ကလေးတွေရှာပြီး စားသောက်ခဲ့ရတာ” လို့ သူမက ပြောပြပါတယ်။ဇနီးဖြစ်သူက သူတို့မိသားစု ဖြတ်သန်းမှုကို ပြောပြနေစဉ်မှာ အမျိုးသားဖြစ်သူက သူ့ဇနီးကို အားနာတဲ့အကြည့်တွေနဲ့ကြည့်နေပါတယ်။တော်လှန်ရေးတွေအင်အားကောင်းပြီး နယ်မြေစိုးမိုးမှုကျယ်ပြန့်လာတဲ့အခါမှာ သူတို့တပ်ရင်းဟာ သူတို့နေထိုင်တဲ့ကျေးရွာကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ သူတို့တပ်ရင်းက ထုတ်လုပ်မှုနဲ့ မိုင်းထောင်၊မိုင်းခင်း လုပ်ငန်းကို လုပ်ဆောင်ကြတာပါ။” ကျနော်တို့မိသားစုက ရင်းနားမှာပဲ အိမ်ငှားပြီးနေတယ်။ ခုအိမ်ရှေ့မှာ မုန့်ဟင်းခါးနဲ့ အာပူလျှာပူဆိုင်လေးဖွင့်ထားတာပါ။ ကျနော်က စည်းကမ်းနဲ့အနေအထိုင်ကောင်းတော့ တပ်ရင်းမှူးက အပြင်မှာနေခွင့်ပြုထားတယ်။ မနက်ပိုင်း ဆိုင်အတွက် အားလုံးလုပ်ပေးခဲ့ပြီးရင် ရင်းကိုသွားပါတယ်” လို့ ရဲဘော်အမျိုးသားက ပြောပါတယ်။သူတို့ရဲ့ မုန့်ဟင်းခါးဆိုင်လေးရဲ့ ရောင်းအားဟာ ပုံမှန်မရှိပါ။ မုန့်ဟင်းခါးအသုပ်တစ်ပွဲ ထောင့်ငါးရာ၊ မုန့်ဟင်းခါး အရည်ပျော်နှင့် အာပူလျှာပူက တစ်ပွဲတစ်ထောင်နဲ့ရောင်းချနေတာပါ။ မုန့်ဟင်းခါးအသုပ်ကတော့ တစ်နေ့သုံးပိဿာ ပုံမှန်လိုကုန်ပေမယ့် မုန့်ဟင်းခါးအရည်ပျော်နှင့် အာပူလျှာပူကတာ့ အကုန်ရောင်းရတဲ့ရက်နဲ့ ကျန်တဲ့ရက်ဟာ ငါးဆယ် ငါးဆယ်ပဲလို့ ရဲဘော်ရဲ့ အမျိုသမီးကဆိုပါတယ်။” ကျန်တဲ့ရက်ဆို အများကြီးကိုကျန်တာ။ ဒီလို အများကြီးကျန်တဲ့ရက်ဆို ရဲဘော်တွေစားဖို့အတွက် ရင်းကို အိုးလိုက်သွားပေးတော့တာပ” လို့ ပြောပြပါတယ်။ရဲဘော်တို့မိသားစု ငှားနေတဲ့အိမ်က အိမ်လခ တစ်လငါးသောင်းပေးရပါတယ်။ သူတို့မိသားစုလေးဟာ အိမ်လခပေးဖို့၊ ကလေးမုန့်ဖိုးလေးရဖို့၊ ဟင်းဖိုးလေးရဖို့ ဒီမုန့်ဟင်းခါးဆိုင်လေးကို ဖွင့်ထား ကြတာပါ။ ရဲဘော်လေးကတော့ မုန့်ဟင်းခါးဆိုင်လေးကို ကူညီပြင်ဆင်ပေးပြီးတာနဲ့ ထုတ်လုပ်ရေးစက်ရုံကို သွားပါတယ်။ တိုက်ပွဲတွေဖြစ်လာရင်တော့ စစ်မြေပြင်ကို သွားကြရမှာပါ။ တကယ်တော့ ဒီမုန့်ဟင်းခါးဆိုင်လေးဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ဆိုင်ကလေးပါပဲ။#တက်နေထွန်း Post Views: 135 Share