Home > သတင်း > ကျန်းမာရေး > ဈေးသည်တစ်ဦးပိုးတွေ့လို့ ကောလင်းမြို့မဈေးကို ယာယီပိတ်

ဈေးသည်တစ်ဦးပိုးတွေ့လို့ ကောလင်းမြို့မဈေးကို ယာယီပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မစျေးကို ကိုဗစ်ရောဂါကြောင့် ဒီကနေ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး မြို့နယ်စည်ပင်ကနေ ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။ ဈေးပိတ်မယ့်အကြောင်းကိုလည်း ပြီးခဲ့တဲ့ ရက်ကတည်းက ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိဦးဝဏ္ဏအောင်လက်မှတ်နဲ့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့မစျေးကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး ဖေဖေါ်ဝါရီလ ၆ ရက်နေ့အထိ ရက်သတ္တ ၂ ပတ် ယာယီပိတ်သွားမှာလည်း ဖြစ်ပါတယ်။

“ပျံကျစျေးသည်တစ်ဦး ပိုးတွေ့တယ်။ ပိုးတွေ့တော့ မြို့မစျေးကို ယာယီပိတ်မှာပါ။ မြို့မစျေးနဲ့ဆက်စပ်တဲ့ မီးရထားစျေးပါ ပိတ်မယ်။”လို့ ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်က ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရှိ ယာယီပျံကျစျေးမှာ နေ့စဉ် ကုန်စိမ်းရောင်းချနေသူ ပျံကျစျေးသည်တစ်ဦးထံကနေ ဇန်နဝါရီလ ၂၂ ရက်နေ့က ရောဂါပိုးစစ်ဆေးတွေ့ရှိရတာပါ။ ဒီအတွက် ပြည်သူလူထုတွေ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနဲ့ ရောဂါကူးစက်ပျံ့နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ကောလင်းမြို့ မြို့မစျေး၊ မြို့မစျေးနဲ့ဆက်စပ်တဲ့ မီးရထားစျေး၊ ပျံကျစျေး(အားလုံး)၊ မြို့မစျေးပတ်ဝန်းကျင် မြို့မစျေးအရှေ့ဘက် ၁၀လမ်း (ကမ္ဘောဇဘဏ် ၂ ထောင့်မှ စျေးပတ်လမ်း ၉-လမ်းသွယ်) အထိ၊ အနောက်ဘက် မီးရထားသံလမ်းတစ်လျှောက် (မီးရထားစျေးဧရိယာအတွင်း)၊ တောင်ဘက် ရွှေမင်းဝံလမ်း ကမ္ဘောဇဘဏ် ၂ ထောင့်မှ မီးရထားသံလမ်းအထိ၊ မြောက်ဘက်စျေးပတ်လမ်း-၉-လမ်းသွယ် (၈-လမ်းမှ ၁၀ -လမ်း) အထိ ယာယီပိတ်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကောလင်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၉ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၃ ဦးရှိကာ သေဆုံးသူ ၁ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၂၃၃၉ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၉၄၇ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!