Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကလေးမြို့တွင် ဆိုလာစနစ်နဲ့ အားသွင်းနေတဲ့ ဘက္ထရီအိုး အပူလွန်ကာ ပေါက်ကွဲပြီး နေအိမ်မီးလောင်မှုဖြစ်

ကလေးမြို့တွင် ဆိုလာစနစ်နဲ့ အားသွင်းနေတဲ့ ဘက္ထရီအိုး အပူလွန်ကာ ပေါက်ကွဲပြီး နေအိမ်မီးလောင်မှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်တွေ ယနေ့ နေ့လည်ပိုင်းက ဆိုလာဘက္ထရီအပူလွန်ကဲပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆိုလာစနစ်နဲ့ အားသွင်းနေတဲ့ ဘက္ထရီအိုးက အပူလွန်ကဲပြီး ပေါက်ကွဲရာကတဆင့် အိမ်ရှင် ဦးဆန်းလှေခုပ်၏ (၂၄x၁၈)ပေ နံကပ်(၂)ထပ် လူနေအိမ်အဆောက်အဦး မီးလောင်ဆုံးရှုံးခဲ့တာပါ။

“ဆိုလာဘက်ထရီအပူလွန်ကဲပြီး ကွဲပြီးတော့ အိမ်အပေါ်ထပ်ကြမ်းပြင်ကစပြီး မီးလောင်တာပါ။ ပျက် စီးဆုံးရှုံးမှုကတော့ လူနေအိမ်အပေါ်ထပ်ရယ် ပိုက်ဆံစုထားတဲ့ စုဘူးသေတ္တာရယ်၊ ဆိုလာပြားနှင့် ဘက္ထရီအိုးတို့ ပျက်ဆီးဆုံးရှုံးခဲ့တာပါ။ ဒီလိုမျိုးဖြစ်စဉ်တွေ ခဏတိုင်း‌ကြုံတွေ့နေရတာပါ။ လျှပ်စစ်မီးရတဲ့သူကလည်း ဒီလျှပ်စစ်မီးကို စနစ်တကျသုံးစွဲဖို့၊ လျှပ်စစ်မီးမရလို့ ဆိုလာဘက္ထရီကို သုံးစွဲမယ်ဆိုရင်လည်း ယခုဖြစ်စဉ်လို ဆိုလာကို အိမ်အမိုးပေါ်မှာ ကပ်ပြီးတော့ မထားဘဲနဲ့ သီးသန့်စင်လေးနဲ့ ထားရမယ်။ ပြီးရင် ဘက်ထရီအိုးတွေကို အမြဲတမ်းစစ်ပေးရမယ်။ ကြိုး ဆွဲတဲ့အခါမှာဘည်း (၂) ပင်လိမ်တွေ မဖြစ်ရပါဘူး။ ဒီနေ့ လောင်သွားတဲ့အိမ်ဆို (၂) ပင်လိမ်ကြိုတွေနဲ့ ဆွဲထားတာပါ။ ဆိုလာဘက္ထရီက ဝယ်ပြီးသုံးကတည်းက တစ်ခါမှမလဲဘူး။ အက်စစ်တွေလည်း မဖြည့်ဘူးဆိုရင် အားအဝင်များပြီး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် မိမိသုံးတဲ့ပစ္စည်းကို အမြဲတမ်းစစ်ပေးဖို့တော့ လိုပါတယ်။”လို့ ကလေးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုဌေးက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ခရိုင်၊ မြို့နယ် မီးသတ်တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့တင်တွေ၊ ရပ်ကွက်နေပြည်သူတွေပူးပေါင်းကာ ငြိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၁) စီး စုစုပေါင်း (၄) စီးနဲ့ ငြှိမ်းသတ်ခဲ့ရတာပါ။ မီးလောင်မှုကြောင့်အိမ်ရှင် ဦးဆန်းလှေခုပ်ရဲ့ (၂၄x၁၈)ပေ နံကပ်(၂)ထပ် လူနေအိမ်အဆောက်အဦး အပေါ်ထပ်၊ စု‌ဘူးသေတ္တာ၊ ဆိုလာပြား (၂၀၀) Watt (၁)ချပ်၊ ဘက်ထရီအိုး (၇၀) W တစ်လုံး ပျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၉၆၁၀၀၀)ကျပ် ဖြစ်သည်။ မီးလောင်မှုကိစ္စနှင့်ပတ်သက်၍ မီးပေါ့ဆသူ အိမ်ရှင်ဦးဆန်းလှေခုပ်ကို ကလေးမြို့မရဲစခန်းမှာ ပုဒ်မ ၂၈၅ နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။

အေပီတီ

error: Content is protected !!