Home > သတင်း > ကျန်းမာရေး > အခုဘဏ္ဍာနှစ် ၃ လတာကာလအတွင်း စစ်ကိုင်းတိုင်းမှာ တရားမဝင်သစ်တန်ပေါင်း ၂၄၀၀ ကျော် ဖမ်းဆီးရမိ

အခုဘဏ္ဍာနှစ် ၃ လတာကာလအတွင်း စစ်ကိုင်းတိုင်းမှာ တရားမဝင်သစ်တန်ပေါင်း ၂၄၀၀ ကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းအတွင်း လက်ရှိဘဏ္ဍာနှစ် ၂၀၂၀-၂၁ ခုနှစ်၊ ၃ လတာကာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုအနေနဲ့ သစ်တန်ပေါင်း ၂၄၀၀ ကျော် ရှိခဲ့တယ်လို့ သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ တရားမဝင်သစ်တွေကို သစ်တောဌာနရဲ့ စီမံမှုခရိုင် ၉ ခုရှိတဲ့အထဲက ကလေးခရိုင်က အများဆုံးနဲ့ သစ်တန်ပေါင်း ၁၁၀၀ နီးပါး ဖမ်းဆီးရမိထားတာပါ။ တရားမဝင်သစ်ဖမ်းဆီးရာမှာ ဆက်စပ်အနေနဲ့ တရားခံပေါင်း ၁၁၃ ဦး၊ ယာဉ်မျိုးစုံ ၁၀၇ စီး၊ ဆင် ၁ ကောင်၊ တူမီးသေနတ် ၂ လက်၊ သစ်စက်ပေါင်း ၅၁ လုံး၊ ချိန်းဆော ၂၆ လက်တို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း တရားမဝင် သစ်ခိုးထုတ်မှုတွေက လျော့ကျမသွားဘဲ အခွင့်ကောင်းယူ ‌ခိုးထုတ်နေတဲ့အတွက် စစ်ကြောင်းတွေနဲ့ပါ ဖော်ထုတ်ဖမ်းဆီးနေရတယ်လို့လည်း တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်ထွန်းက ပြောဆိုထားပါတယ်။

“ကိုဗစ်ဖြစ်ပွားနေတဲ့အချိန်မှာ ကျန်တဲ့လုပ်ငန်းတွေလည်း ရပ်ဆိုင်းတဲ့အတွက် တရားမဝင်သစ်ခိုးထုတ်မှုက တော်တော်ကြီး လျော့ကျသွားလိမ့်မယ်လို့ မျှော်မှန်းထားခဲ့ပေမယ့် လျော့ကျမသွားဘူး။ ဒီကိုဗစ်ကိုပဲ အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီးတော့ တရားမဝင်သစ်ခိုးထုတ်တာတွေတော့ ရှိနေဆဲဖြစ်ပါတယ်။”လို့ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ အောက်တိုဘာလကနေ စက်တင်ဘာလအတွင်းမှာ တရားမဝင်သစ်တန်ပေါင်း ၉၃၇၈ တန်ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ တရားမဝင်သစ်တန်အများစုကို ကလေးခရိုင်က သစ်တန်ပေါင်း ၂၇၀၀ ကျော်၊ ကသာခရိုင်က ၁၈၀၀ ကျော်၊ မုံရွာခရိုင်က ၁၆၀၀ ကျော်နှင့် ရွှေဘိုခရိုင်က ၁၄၀၀ ကျော်တို့နဲ့ အများဆုံး ဖမ်းဆီးရမိထားပြီး စစ်ကိုင်းခရိုင်ကတော့ တန် ၁၀၀ အောက်နဲ့ အနည်းဆုံး ဖမ်းဆီးရမိခဲ့တာပါ။ 

တရားမဝင်သစ်ဖမ်းဆီးရေးအတွက် ပြည်သူတွေရဲ့ သတင်းပေးတိုင်ကြားမှုက အရင်ကထက် ပိုမို အားကောင်းလာပေမယ့် ဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လာတဲ့အတွက် ပိုင်ရှင်မဲ့မိတာတွေက များနေတာပါ။ ကိုဗစ်ကာလအတွင်းမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ချမှတ်ထားတဲ့ စည်းကမ်းကန့်သတ်ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရတာကြောင့်လည်း တရားမဝင်သစ်ဖမ်းဆီးရေးမှာ ကန့်သတ်ချက်တွေ ရှိနေတာပါ။

လက်ရှိအချိန်မှာတော့ ပုံမှန်ဖမ်းဆီးစစ်ဆေးတာတွေအပြင် အခါအားလျော်စွာ စစ်ကြောင်းနဲ့ ရှောင်တခင် ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!