Home > သတင်း > စီးပွားရေး > မုံရွာ မြေယာအငြင်းပွားမှုမှာ ထိခိုက်ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂ ဦးရှိ

မုံရွာ မြေယာအငြင်းပွားမှုမှာ ထိခိုက်ဒဏ်ရာရသူတွေထဲက နောက်တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂ ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဓိကရုန်းကြောင့် လူ ၅ ဦးထိခိုက်ဒဏ်ရာရကာ အဲဒီထဲက သေဆုံးသူ နှစ်ဦးရှိလာပြီဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတွေထဲက ကျော်ဇင်ဝင်း (၁၇ နှစ်) မှာ ဂျိုစောင်း၊ နားထင်နှင့် မျက်ခုံးဘေး ပြတ်ရှဒဏ်ရာတွေကြောင့် ဆေးရုံပို့ဆောင်စဉ် မွန်းလွဲ ၃ နာရီခွဲခန့်အချိန်မှာ သေဆုံးခဲ့ပြီး ညနေ ၅ နာရီခွဲခန့်အချိန်မှာတော့ အသက် (၂၁ နှစ်) အရွယ် မိုးဆွေ (ခ) မိုးရွှေမှာ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ ဂျိုစောင်းပြတ်ရှဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးခဲ့ပါတယ်။ ဒါကြောင့် အဓိကရုန်းဖြစ်ပွားမှုအတွင်း သေဆုံးသူက နှစ်ဦးထိ ရှိလာတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ညနေပိုင်းက အခင်းဖြစ်ပွားရာနေရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုတွေကို လက်မခံနိုင်ကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူတွေအနေနဲ့ အမှန်တရားဖက်က ရပ်တည်ကြဖို့လိုကြောင်း၊ နောက်ထပ် အလားတူပြဿနာမျိုး မဖြစ်အောင် ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးချထားပေးဖို့ မှာကြားခဲ့ပါသေးတယ်။

အဓိကရုန်းဖြစ်ပွားမှုနဲ့ပတ်သက်လို့ ဒေါ်မာမာဝင်း၊ အောင်ကြီး၊ အောင်ဌေးသန်းအပါအဝင် လူ (၁၇) ဦးကို လူကိုထိခိုက်ဒဏ်ရာရ သေဆုံးအောင် တုတ်နဲ့ရိုက်၊ ဓားနဲ့ခုတ်၊ လေးခွနဲ့ပစ်၊ ခဲနဲ့ထု ခဲ့လို့ဆိုပြီး မုံရွာနယ်မြေရဲစခန်းမှာ (ပ)၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၃၊ ၃၃၆၊ ၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

အခင်းဖြစ်ပွားရာအနီးတဝိုက်ကိုတော့ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လုံခြုံရေးချထားပြီး စောင့်ကြပ်ကြည့်ရှုတာတွေ လုပ်ဆောင်နေပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!