Home > သတင်း > တရားဉပဒေစိုးမိုးရေး > တပ်မတော်သားတွေအပါအဝင် ကိုယ်စားလှယ် ၂၀၀ ကျော်တောင်းဆိုတဲ့ လွှတ်တော်အထူးအစည်းအဝေး ကျင်းပဖို့ မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်

တပ်မတော်သားတွေအပါအဝင် ကိုယ်စားလှယ် ၂၀၀ ကျော်တောင်းဆိုတဲ့ လွှတ်တော်အထူးအစည်းအဝေး ကျင်းပဖို့ မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကျန်ရှိနေသေးတဲ့ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူကျင်းပပေးဖို့ ဇန်နဝါရီလ ၁၁ ရက်နေ့က လွှတ်တော်နာယကထံ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ကိုယ်စားလှယ် ၂၀၃ ဦးက လက်မှတ်ထိုး တောင်းဆိုခဲ့တာပါ။ အခုလို တောင်းဆိုချက်နဲ့ပတ်သက်ပြီး လွှတ်တော်အထူးအစည်းအဝေး ကျင်းပဖို့ မရှိကြောင်းကို ပြည်ထောင်စုလွှတ်တော်ရုံးကနေ စာမျက်နှာ ၃ မျက်နှာပါ သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၂၁ နဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်အရ အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၈၃ အရ နိုင်ငံတော်သမ္မတက တောင်းဆိုလျှင်၊ ပုဒ်မ ၈၄ အရ ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံက တောင်းဆိုရင် ပြည်ထောင်စုလွှတ်တော် နာယကက အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူရမည်လို့ ပါရှိပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၁ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်ဖို့ရန် အဓိက လိုအပ်တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၁ မှာတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရမယ့် ကိစ္စရပ်တွေ၊ သဘောတူညီချက်ယူရမယ့်ကိစ္စတွေ၊ အတည်ပြုချက်ယူရမယ့် ကိစ္စရပ်တွေ ရှိရင် (က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပဆဲကာလဖြစ်ရင် အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ရမယ်။ (ခ) အစည်းအဝေးကျင်းပဆဲမဟုတ်ရင် အနီးကပ်ဆုံး အစည်းအဝေးမှာ ဆုံးဖြတ်ရမယ်။ (ဂ) အများပြည်သူအကျိုးအတွက် အလျင်အမြန်ဆောင်ရွက်ရမယ့် ကိစ္စတွေကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပဆွေးနွေးရမယ်လို့ ‌ဖော်ပြထားတာပါ။

သို့သော်လည်း ကိုယ်စားလှယ် ၂၀၃ ဦးရဲ့တင်ပြပါကိစ္စတွေကို စိစစ်ရာမှာ ပြီးခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ကိုယ်စားလှယ်တွေ စုပေါင်းတိုင်ပင်အဖြေရှာရန်နှင့် လွှတ်တော်သက်တမ်းကို မှန်ကန်စွာ အဆုံးသတ်ပိတ်သိမ်းပြီး သက်တမ်းသစ်ကို ဥပဒေနဲ့အညီ ညင်သာစွာ ကူးပြောင်းနိုင်ရန်ဆိုပြီး တင်ပြထားတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၁ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်တွေက အပြီးအပြတ်အတည်ဖြစ်စေရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်က ကိုဗစ်ဖြစ်ပွားနေဆဲကာလဖြစ်ပြီး ဒုတိယသက်တမ်းကလည်း ရက် ၂၀ ခန့်သာ ကျန်တော့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေအရ အထူးအစည်းအဝေးကို အနည်းဆုံး ၁၅ ရက်ကြိုတင်ဖိတ်ကြားရမှာဖြစ်ကာ အစည်းအဝေးက ၃ ရက်လောက်သာ ကျင်းပနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တတိယအကြိမ်အစည်းအဝေးကျင်းပဖို့ကိုလည်း ဥပဒေနဲ့အညီခေါ်ယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွှတ်တော်အထူးအစည်းအဝေးကျင်းပဖို့ တောင်းဆိုထားတဲ့အချက်တွေကလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက်၊ သဘောတူညီချက် ရယူရမယ့်ကိစ္စတွေ မဟုတ်တဲ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိစ္စတွေသာဖြစ်လို့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကျင်းပဖို့ရာ မလိုအပ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်အထူးအစည်းကျင်းပဖို့ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ၃၆ ဦး၊ ညီညွတ်သော အမျိုးသားဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ၁ ဦး၊ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ၄ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၂၀၃ ဦးက တောင်းဆိုထားတာဖြစ်ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!