စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကနေ ဘုရားဖူးပြန်လာတဲ့ ကားတစ်စီး ဒီကနေ့ ဇန်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက ကပိုင်ကျေးရွာအနောက်ဖက် ၇ မိုင်ခန့်အကွာမှာ တိမ်းမှောက်မှုဖြစ်ခဲ့လို့ လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူတစ်ဉီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဌာနဆိုင်ရာရဲ့ သတင်းတွေအရ သိရပါတယ်။
ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာရဲ့ အနောက်ဘက် ၇ မိုင်ခန့်အကွာမှာရှိတဲ့ ထိုးထောင်ကွေ့အနီးမှာ ယာဉ်မောင်း ဦးဌေးဝင်းမောင်းနှင်လာတဲ့ SKAT အမျိုးအစား ၆ ဘီးကားက ကားဘရိတ်ပေါက်ရာကနေတစ်ဆင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကမ်းပါးကို တိုက်မိကာ ကွန်ကရစ်လမ်းပေါ် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်မှုမဖြစ်ခင်က အဲဒီကားဟာ ပုလဲမြို့ကို သွားရောက်ပြီး အုတ်ပို့ခဲ့ပြီးနောက် အလောင်းတော်ကဿပဘုရားကို ဘုရားဖူးခရီးသည်တွေနဲ့အတူ သွားရောက်ဖူးမြှော်ခဲ့တာဖြစ်ပါတယ်။
ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် စီးနင်းလိုက်ပါခဲ့တဲ့သူ လူဉီးရေ ၁၇ ဦးရှိပြီး ယာဉ်မောင်းကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူ ၁၆ ဦးအနက် လူသုံးဦးကတော့ စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ပြီး ကပိုင်တိုက်နယ်ဆေးရုံကနေ တစ်ဆင့် မုံရွာဆေးရုံကြီးကို လွှဲပြောင်းလိုက်ရတယ်လို့လည်း သိရပါတယ်။
ကိုဗစ်ကာလအတွင်း အလောင်းတော်ကဿပဘုရားကို ဖူးမြှော်ခွင့် ပိတ်ပင်ထားတာ အတော်ကြာနေပြီဖြစ်ပြီး ဘုရားဖူးရာသီရောက်လာပြီဖြစ်ပေမယ့် အစိုးရရဲ့ ခွင့်ပြုချက်ရရှိမှသာ ဘုရားဖူးလမ်းကို ဖွင့်လှစ်သွားမယ်လို့ ဂေါပကအဖွဲ့ကတော့ ပြောဆိုထားပါတယ်။
“ကိုဗစ်ရောဂါကြောင့် နိုင်ငံတော်မှခွင့်ပြုချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပေးမှသာလျှင် ဖွင့်လှစ်မယ်။ နိုင်ငံတော်ရဲ့ခွင့်ပြုချက်ပဲ စောင့်မှာပါ။”လို့ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးထီမောင်က ပြောဆိုထားပါတယ်။
အလောင်းတော်ကဿပ ဘုရားဖူးလမ်းက နှစ်စဉ် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိပါတယ်။