စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းကျေးရွာမှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့က ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက် ထုတ်ယူတာတွေကို ပြုလုပ်နေပါတယ်။ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူနေတာကြောင့် လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနုကျွန်းတွေ ပြိုကျပျက်စီးပြီး ကောက်ပဲသီးနှံစိုက်ပျိုးစရာတွေ လျော့နည်းလာနေတာပါ။ ဒါ့အပြင် အနီးအနားက ရွှေကူ၊ ဝယာစတဲ့ကျေးရွာတွေကလည်း လူနေအိမ်တချို့ ကမ်းပါးနဲ့ နီးကပ်လာပြီး ကမ်းပြိုမယ့်အန္တရာယ်နဲ့ ရင်ဆိုင်လာနေရတာလည်း ဖြစ်ပါတယ်။ ဒီအတွက် အချိန်မှီကာကွယ်တားဆီးပေးဖို့ ၂၀၁၈ ခုနှစ်ကတည်းက နိုင်ငံတော်သမ္မတကို တင်ပြခဲ့ပေမယ့် ထူးခြားမလာခဲ့သလို ပြီးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၂ ကြိမ်မြောက်အစည်းအဝေးမှာလည်း ဒေသခံကိုယ်စားလှယ်က မေးခွန်းမေးမြန်းခဲ့ပေမယ့် ဒီနေ့ထိ ထူးခြားမှုမရှိသေးဘဲ ဖြစ်နေတာပါ။
“အရင်က မြေနုကျွန်းတွေပြိုလို့ စိုက်စရာလည်း မရှိကြတော့ဘူး။ အခုက ရွာလူနေအိမ်တွေပါ အန္တရာယ်ပေးလာပြီ။ ဒါကြောင့် ဒါကြီးကို တားဆီးပေးဖို့ နိုင်ငံတော်သမ္မတကိုလည်း လက်မှတ်ထိုးပြီးတင်ပြတယ်။ ထူးခြားမလာဘူး။ လွှတ်တော်မှာလည်း ဦးကျော်ဆန်းက မေးခွန်းမေးထားတယ်။ ထူးခြားမလာဘူး။ လူနည်းစုကောင်းစားရေးအတွက် လူအများစု ဒုက္ခရောက်မယ့်အရေးဖြစ်နေတယ်။ ဒီလုပ်ငန်းကနေ နိုင်ငံတော်က အခွန်ဘယ်လောက်ရတယ်တော့ မသိဘူး။ ဒေသခံတွေကတော့ ဆုံးရှုံးမှုတွေ များတယ်။ လာမယ့်မိုးဆိုရင် ပိုဆိုးမယ်။”လို့ ဝယာကျေးရွာနေ တောင်သူ ဦးသန်းလှိုင်က ပြောပါတယ်။
အမြင့်ကျေးရွာမှာ တရားဝင်လုပ်ငန်းလိုင်စင်နဲ့ မြစ်သဲကျောက်ထုတ်နေသူ ၄ ဦးသာရှိပေမယ့် လက်ခွဲထုတ်နေတာတွေလည်း ဦး ၂၀ လောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမြင့်ကျေးရွာက ထွက်ရှိတဲ့ မြစ်သဲကျောက်တွေကို ချောင်းဦးမြို့နယ်တင်မက မြင်းမူ၊ မုံရွာ၊ မြောင် စတဲ့မြို့နယ်တွေကိုလည်း တင်ပို့ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။ မြစ်သဲကျောက်ထုတ်နေတဲ့အတွက် အမြင့်ကျေးရွာအောက်ဖက်ရှိ ရွှေကူအုပ်စု ၅ ရွာနှင့် ဝယာအုပ်စု ၃ ရွာတို့မှာ ကမ်းပြိုဘေးတွေ ရင်ဆိုင်နေကြရတာပါ။ မြစ်သဲကျောက်ထုတ်နေတာက ဝယာအုပ်စုအတွင်းမှာ မပါဝင်တဲ့အတွက် တားမြစ်တာတွေ မလုပ်နိုင်တာကြောင့် သက်ဆိုင်ရာနဲ့ပဲ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဝယာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သိန်းကလည်း ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မြစ်သဲကျောက်တွေကို ချင်းတွင်းမြစ်၊ မူးမြစ်၊ ယမားချောင်း စတာတွေမှာ အဓိက ထုတ်ယူခွင့်ပေးတာဖြစ်ပါတယ်။ မြစ်သဲကျော်ထုတ်ယူတာတွေကို မြေပြင်ကွင်းဆင်းတိုင်းတာပြီး စည်းကမ်းချက် ၁၅ ချက်နဲ့ ကိုက်ညီရင် သဘောထားမှတ်ချက် ခွင့်ပြုပေးထားတယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။ တိုင်းအတွင်း ၂၀၁၉-၂၀၂၀ ခုနှစ်မှာ မြစ်သဲကျောက်ထုတ်လုပ်ငန်း ၃၆ ခု၊ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ ၈ ခု သဘောထားပြန်ကြားပေးထားတယ်လို့လည်း တိုင်းဦးစီးမှုးက ပြောပါတယ်။ တရားမဝင် မြစ်သဲကျောက်ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ အလွန်အကျွံထုတ်ယူနေတာတွေကိုတော့ လိုင်စင်ထုတ်ပေးထားတဲ့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တခြားမိတ်ဖက်ဌာနတွေနဲ့ ပူးပေါင်းကွင်းဆင်းစစ်ဆေးဖို့လိုအပ်တယ်လို့ တိုင်းဦးစီးမှုး ဦးကျော်စိုးက ပြောဆိုထားပါတယ်။
ဝေဟင်(မုံရွာ)၊ အောင်ကိုလတ်