Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးအထိရှိလာပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၅ ဦးရှိတဲ့အထဲမှာ ကလေး ၅ ဦး၊ စစ်ကိုင်း ၃ ဦး၊ ရွှေဘိုနှင့် မုံရွာတွင် ၂ ဦးစီ၊ ကန့်ဘလူ၊ ယင်းမာပင်၊ အရာတော်တို့တွင် ၁ ဦးစီတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ဒီနေ့ မနက်ပိုင်းကလည်း စစ်ကိုင်းကုတင် ၂၀၀ ဆံ့ဆေးရုံ ICU အဆောင်မှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ဒီကနေ့ မနက်ပိုင်းက သေဆုံးခဲ့တယ်လို့ စစ်ကိုင်းခုတင်၂၀၀ ဆံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုထွန်းကပြောပါတယ်။

“သေဆုံးသူကတော့ အသက် ၉၄ နှစ်အရွယ် အဒေါ်ကြီးတစ်ယောက်ပါ။ သူက ပိုးတွေ့တာ ၉ ရက်ရှိပြီ။ နဂိုကကောင်းနေတာ။ ၉ ရက်မြောက်မှ ထဖြစ်တာ။ မနေ့က Fbo2 ထိုးကျသွားတော့ ICU ထဲထည့်တယ်။ ဒီမနက်ပိုင်းမှာ ဆုံးသွားပါတယ်။ နဂိုကတည်းက အဆုပ်မကောင်းဘူး။ အသက်ကြီးတာလဲပါတယ်။ ကိုဗစ်ဒဏ်မခံနိုင်တာလဲပါတယ်။ ဒီနေ့ မနက် ၂ နာရီလောက်က ဆုံးသွားတာ။”လို့ စစ်ကိုင်းခုတင်၂၀၀ ဆံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုထွန်းက ပြောပါတယ်။

အဲဒီသေဆုံးလူနာကိုတော့ ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းမြို့၊ ယုန်ဖြူသုသာန်မှာ မီးသဂြိုလ်ခဲ့တာပါ။ သေဆုံးလူနာက စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးရပ်ကွက်က အသက် ၉၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ စစ်ကိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၃ ဦးအထိရှိပြီး ဆေးရုံ ICU မှာ သေဆုံးသူ ၂ ဦးနဲ့ လမ်းမပေါ် လဲကျသေဆုံးလူနာကို စစ်ဆေးခဲ့ရာ Positive အဖြေထွက်ရှိသူတို့ဖြစ်ပါတယ်။

စစ်ကိုင်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၀၄ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၆၀ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၅ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၄ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၈၂၁ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၅၅၅ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!