Home > သတင်း > စီးပွားရေး > မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေ

မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကြက်သွန်နီစျေးနှုန်း တစ်ပိဿာကျပ် ၁၀၀ ဝန်းကျင်အထိ ကျဆင်းနေပေမယ့် ဝယ်သူမရှိဖြစ်နေတယ်လို့ ကြက်သွန်စိုက် တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေက ဘင်္ဂလားဒေ့ရ်ှနှင့် တရုတ်နိုင်ငံတို့ကနေ ၀ယ်လိုအားကြောင့် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ကြား အရောင်း၀ယ်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် ၁၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိနေတာပါ။

“ကြက်သွန်ပေါ်စတုန်းက တစ်ပိဿာ ၁၀၀၀ ကျပ်လောက်ရှိတယ်။ အဲဒီကနေ ကျဆင်းသွာတာ။ ကြက်သွန်တွေ လှိုင်လှိုင်လဲပေါရော ၅၀၀ ကျပ် ဝန်ကျင်း‌ဖြစ်သွားတော့ တောင်သူတွေကလည်း ပေါ်စတုန်းက ၁၀၀၀ နှုန်းဆိုတော့ စောင့်‌ရင်းစောင့်ရင်းနဲ့ ဈေးက မတက်ဘဲနဲ့ အခုဈေးက ၁၅၀ ကျပ် လောက်အထိ ကျဆင်းသွားတော့ တောင်သူတွေက အရှုံးပေါ်နေတာပေါ့။ ကြက်သွန်ဈေးက ၁၅၀ ကျပ်သာရှိတာ ဝယ်တဲ့သူက မလာဘူး။ ပွဲစားတွေကလည်း မဆင်းတော့ တစ်ချို့ စင်တွေပေါ်အညှောင့်တွေပေါက်၊ တစ်ချို့ ပုပ်ကုန်တော့ ရွေးလိုက်၊ သန့်စင်လိုက်ဆိုတော့ အလုပ်သမားခတောင် ‌စိုက်ထုတ်ပြီးတော့ လုပ်နေရတယ်။ အဲဒီတော့ ကိုယ်မြေကိုယ်စိုက်တဲ့တောင်သူတွေထက် မြေငှားနဲ့စိုက်တဲ့ တောင်သူတွေက ပိုပြီးတော့ အရှုံးပေါ်တယ်။”လို့ မုံရွာမြို့နယ်၊ ရှင်းငါးဆယ်ကျေးရွာက ကြက်သွန်စိုက်တောင်သူ ဦးဌေးလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြက်သွန်ပေါ်ချိန်ကစပြီး တစ်နှစ်ပတ်လုံး ဈေးကောင်းမရခဲ့တဲ့အတွက် တောင်သူတွေက ဈေးကောင်းစောင့်ရင်း ကြက်သွန်တွေက အညှောင်ထွက်လာတာ၊ ပုပ်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် လွှင့်ပစ်ရတာတွေလည်း ရှိနေသလို တချို့နေရာတွေမှာ နွားကျွေးတာတွေလည်း ရှိနေပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုဈေးကလည်းမရှိတော့ ရှုံးထားတဲ့အရှိန်နဲ့ ဌာနဆိုင်ရာနဲ့ ငွေတိုးငွေချေးက ထုတ်ချေးပေးလို့ အခုလိုလေး‌တွေ လုပ်နေရတာပါ။ လာမယ့်နှစ်‌တွေလည်း အခုလိုတာဖြစ်မယ်ဆို ကျနော်တို့တောင်သူတွေ ရင်းနှီးမြုပ်နှံမှုက မြေတောင်မှ ရောင်းနှံပေါင်စားရမဲ့ အခြေအနေမျိုးဖြစ်နေတယ်ဗျ။ ကျနော်တို့တောင်သူတွေက နိုင်ငံတကာ ကုန်စည်စီးဆင်းမှုရှိမှ ကုန်စည်စီးဆင်းဖို့ကလည်း အခုရောဂါအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ် ဆို့ထားတာ ဖြစ်တဲ့အတွက် ဒီရောဂါအခြေအနေတွေ သက်သာသွားရင် ကုန်စည်စီးဆင်းမှု လမ်းကြောတွေ ပွင့်သွားမယ်ဆိုရင် ကျနော်တို့ ကြက်သွန်စိုက်တောင် သူတွေ အခြေအနေကောင်းမှာ ဖြစ်ပါတယ်။”လို့ ကြက်သွန်စိုက်တောင်သူ ဦးထွန်းထွန်းကလည်း ပြောပါတယ်။

လက်ရှိအချိန်မှာ တောင်သူတွေလက်ထဲ ကြက်သွန်လက်ကျန်တွေ အများကြီး ကျန်ရှိနေပါသေးတယ်။ မုံရွာမြို့နယ်၊ ရှင်ငါးဆယ်ကျေးရွာတစ်ရွာထဲမှာကို ကြက်သွန်အချိန် ၁ သိန်းကျော်အထိ ကျန်ရှိနေသေးတယ်လို့ တောင်သူတွေက ပြောပါတယ်။

“လက်ရှိကြက်သွန်က လက်ကျန်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ တောင်သူလက်ဝယ်မှာရှိကြတာပေါ့။ ကုန်သည်လက်ထဲမှာကတော့ သိပ်များများမရှိဘူး။ လက်ကျန်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ခန့်မှန်းတယ်။ တောင်သူတွေလက်ထဲမှာ များများကျန်တယ်။ ဒါပေမယ့် ကြက်သွန်က လက်ရှိအခြေအနေမှာ သူ့ရဲ့သက်တမ်းကလဲ ကုန်သွားပြီလို့ ပြောရမယ့်အနေအထားပေါ့။ ပစ္စည်းရဲ့အရည်အသွေးမရှိနေတော့ဘူး။ ပစ္စည်းရဲ့နောက်ဆုံးသက်တမ်းချိန်ရောက်သွားပြီ။ ကြက်သွန် အသစ်ပေါ်တော့မှာဆိုတော့ ဒီကြက်သွန်အဟောင်းအနေနဲ့ကတော့ သိပ်ပြီးအလားအလားမကောင်းနိုင်တော့ဘူး။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီနဲ့ စားဖိုချောင်သုံး သီးနှံအသင်း ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောပါတယ်။

ကြက်သွန်နီစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေနဲ့ မြေငှားစိုက်ပျိုးရင် တစ်ဧက ကျပ် ၁၅ သိန်း ကနေ ၂၀ သိန်း ကြားကုန်ကျကာ မြေပိုင်စိုက်ပျိုးမယ်ဆိုရင်တော့ တစ်ဧက ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းကြား ကုန်ကျတယ်လို့ တောင်သူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီကို မုံရွာ၊ ယင်းမာပင်၊ ချောင်းဦး၊ ရွှေဘိုနှင့် မြင်းမူ စတဲ့မြို့နယ်တွေမှာ အများဆုံး စိုက်ပျိုးကြတာလည်း ဖြစ်ပါတယ်။

အေပီတီ

error: Content is protected !!