လာမယ့်၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ကျရောက်မယ့် ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကိုဗစ်ကပ်ရောဂါကြောင့် ကျင်းပဖို့ မသေချာသေးဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပြည်နယ်အဆင့်အနေနဲ့ ထန်တလန်မြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါအောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူတွေ၊ အထူးဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
“အဓိကတော့ ကိုဗစ်ကြောင့်ပါ။ ပွဲတွေက လျှော့လိုက်တော့ ချင်းအမျိုးသားနေ့ကျင်းပဖို့က အခက်အခဲရှိနိုင်တယ်။ အခုတောင်မှ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ နိုင်ငံတော်ပွဲတောင် လျှော့ပြီးလုပ်ခိုင်းထားတာ။ အရင်ပုံမှန်နှစ်တိုင်းနှစ်တိုင်းက ဘတ်ဂျက်အကုန်ကျခံ ဆောင်ရွက်တယ်။ ဒီနှစ်က အဆင်မပြေသေးဘူး။ အတိုင်းအတာတစ်ခုတော့လုပ်မယ်။ ကျင်းပဖို့မသေချာသေးဘူး။ မဆွေးနွေးရသေးဘူး။ ချင်းအမျိုးသားနေ့ကို ဘယ်မြို့မှာကျင်းမယ်ဆိုတာကတော့ မသတ်မှတ်ရသေးဘူး။ ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ပြည်နယ်အစိုးရအဖွဲ့က ကျင်းပတာ။ အဓိကတော့ ကျင်းပမယ့်နေရာရွေးချယ်တာပေါ့။”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။
ချင်းအမျိုးသားနေ့ကို ပြည်နယ်အဆင့်အနေနဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့က ဘတ်ဂျက်ငွေအကုန်ချခဲ့ပြီး စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။ ချင်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပတဲ့ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပလေ့ရှိတာပါ။ ဒါ့အပြင် ချင်းအမျိုးသားနေ့ကို ပြည်နယ်အဆင့် ကျင်းပလေ့ရှိသလို မြို့နယ်အနေနဲ့ ချင်းအမျိုးသားနေ့ကို ကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။
ချင်းအမျိုးသားနေ့မှာ ချင်းတို့ရဲ့ ရိုးရာတိုင်ထူပွဲတွေ၊ ရိုးရာနပန်းပွဲ၊ ခေါင်ကြွယ်ပွဲ စတာတွေအပြင် မျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှုအကတွေကိုလည်း ဖျော်ဖြေတင်ဆက်ကပြကြတာလည်း ဖြစ်ပါတယ်။