Home > သတင်း > ဒေသတွင်းသတင်း > မုံရွာမြို့ ညောင်ကိုင်းအင်းအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

မုံရွာမြို့ ညောင်ကိုင်းအင်းအတွင်း လူနှစ်ဦး ရေနစ်သေဆုံး

မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ရွှေကြာရုံဘုန်းကြီးကျောင်းအနီးက ညောင်ကိုင်းအင်းအတွင်းမှာ ရေနစ်သေဆုံးနေတဲ့ လူနှစ်ဦးရဲ့ အလောင်းတွေကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ ရေနစ်သေဆုံးသူတွေက ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ်တစ်ဦးနှင့် လူငယ်တစ်ဦးရဲ့ အလောင်းတွေဖြစ်ပါတယ်။ သေဆုံးသူနှစ်ဦးက အင်းအတွင်းငါးရှာကြရင်း ခယ်မဖြစ်သူရေနစ်နေတာကို ခဲအိုဖြစ်သူက သွားရောက်ဆင်း ကယ်ဆယ်ရာကနေ နှစ်ဦးလုံးနစ်မြုပ်သွားခဲ့ပြီး သေဆုံးခဲ့ကာ နောက်ရက်မှာတော့ အလောင်းတွေကို အခုလို ပြန်လည်တွေ့ရှိခဲ့ရတာပါ။

“ရေနစ်တဲ့ရက်က ရဲတပ်ဖွဲ့အပါဝင် ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်ရှာကြသေးတယ်။ ညနေ မှောင်တဲ့အထိ မီးထိုးရှာကြတာ မတွေ့ဘူး။ ‌နောက်ရက် နေ့လည်မှာ နစ်သွားတဲ့ ဝန်းကျင်မှာပဲ လာပေါ်တယ်။ အဲ့ဒီနေရာတချို့က အရင်က ဘတ်ဟိုးနဲ့ အင်းပြန်ဖော်ထားတဲ့ နေရာတွေရှိတယ် ။ ဒါကလဲ ‌ဆင်းကြည့်မှ သိနိုင်တာ။ ငါးရှာကြရင်းနဲ့ ကလေးနစ်နေတာကို ခဲအိုဖြစ်သူက ဆင်းကယ်ရင်း အခုလိုဖြစ်သွားတာပါ။”လို့ မုံရွာမြို့၊ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးညိုဝင်းက ပြောပါတယ်။

ရေနစ်သေဆုံးသွားသူတွေကတော့ ထန်းတောရပ်ကွက်မှာ နေထိုင်ကြတဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။

“ကျနော်တို့အဖွဲ့လဲ ဖြစ်တဲ့နောက်ရက် မနက်ထိ ရှာကြသေးတယ်။ နေ့လည် ၁၂ လောက်မှာ ကလေးအလောင်းက အရင်ပေါ်ပြီး ၂ နာရီလောက်မှာတော့ မလှမ်းမကမ်းမှာ လူငယ်အလောင်းပေါ်လာတယ်။ ဒါနဲ့ အလောင်းတွေကို မုံရွာမြို့ ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တာပါ။” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) ဥက္ကဌ ဦးစိန်ကိုကိုက ပြောပါတယ်။

ညောင်ကိုင်းအင်းက နှစ်စဉ် အကြောင်းအမျိုးမျိုးကြောင့် ရေနစ်သေဆုံးတာတွေရှိပါတယ်။ လက်ရှိမှာလည်း ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အင်းသာယာလှပရေးအတွက် ဘတ်ဟိုးနဲ့ ပြန်လည်တူးဖော်ထားတဲ့ ချိုင့်နေရာအများပြားလဲ ရှိနေပါတယ်။ အခုလို ရေနစ်သေဆုံးမှုနဲ့ပတ်သတ်လို့ မုံရွာမြို့နယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!