Home > သတင်း > ကျန်းမာရေး > ဟုမ္မလင်းတွင် လေဆိပ်တာဝန်ကျ လဝကဝန်ထမ်းတစ်ဦး အပါအဝင် ၃ ဦး ကိုဗစ်ပိုးတွေ့

ဟုမ္မလင်းတွင် လေဆိပ်တာဝန်ကျ လဝကဝန်ထမ်းတစ်ဦး အပါအဝင် ၃ ဦး ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြိုမှာ ဇန်နဝါရီလ ၂ ရက် ဒီကနေ့ မနက်ပိုင်းက လေဆိပ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ဝန်ထမ်းတစ်ဦးအပါအဝင် ၃ ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။

“ပိုးတွေ့လူနာ ၃ ယောက် ထပ်တိုးတယ်။ တစ်ယောက်က ကားသမားပါ။ ဒီနေ့ကားသမား ၃ ယောက်ကို Test kit နဲ့စစ်တော့ ၁ ယောက်ပိုးတွေ့တယ်။ ဒါပြီး လေဆိပ်မှာ အင်္ဂါနှင့် စနေနေ့ကို လေကြောင်းရှိတော့ ပုံမှန်စစ်ဆေးတယ်။ ဒီနေ့ ခရီးသည် ၇ ယောက်စစ်တော့ ခရီးသည် ၁ ယောက် ပိုးတွေ့တယ်။ လေဆိပ်မှာ တစ်လတစ်ခါကျတဲ့ ရဲ၊ လဝကတို့ ရှိတယ်။ ဒီနေ့ဝန်ထမ်းနှစ်ယောက်စစ်တော့ လဝကဝန်ထမ်းတစ်ဦး ပိုးတွေ့ခဲ့တာ။ ပိုးတွေ့သူတို့နဲ့ ထိတွေ့သူတွေကို ရှာနေတယ်။”လို့ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်ထွန်းက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၃ ယောက်လုံးက အမျိုးသားတွေဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံ သီးသန့်ကုသအဆောင်မှာ ထားရှိ ဆေးကုသမှုပေးသွားမှာဖြစ်ပါတယ်။ မနေ့ကလည်း ဟုမ္မလင်းအထက်ဖက် ခန္တီးမြို့မှာ လေယာဉ်စီးလိုက်မယ့် ခရီးသည် ၂ ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါသေးတယ်။

ဟုမ္မလင်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ၂၈ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၂ ဦးရှိပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ် ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၄ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၇၄၃ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၄၄၀ ဦးရှိကာ သေဆုံးသူ ၁၃ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!