ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာအုပ်စု၊ တွီးထန်ကျေးရွာမှာ ဒေသတွင်းကူးစက်မှု တွေ့ရှိရတဲ့အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ရွာအဝင်အထွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ တွီးထန်ကျေးရွာ အဝင်အထွက် ကန့်သတ်လိုက်တာကို ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ဇန်နဝါရီလ ၉ ရက်နေ့အထိ ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ လက်မှတ်နဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
“အဲဒီရွာက ပြီးခဲ့တဲ့ တစ်ပတ်လောက်က ပိုးတွေ့ ၉ ယောက်ရှိဆယ်။ အဲဒီလူတွေက ဘယ်မှမသွားပဲ ပိုးတွေ့တာ။ အဲဒီတော့ ရောဂါပြန့်ပွားမှုမရှိအောင် ထိန်းချုပ်တဲ့အနေနဲ့ အဝင်အထွက် ကန့်သတ်လိုက်တာပါ။”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။
အဲဒီတွီးထန်ရွာက ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ ကျော် နေထိုင်ကြတာပါ။ တွီးထန်ကျေးရွာမှာ နေထိုင်သူတွေက နေအိမ်ပြင်ပကို ထွက်ခွာသွားလာခြင်း မပြုဖို့၊ ပြင်ပက ဘယ်သူမှ ကျေးရွာတွင်းကို ဝင်ရောက်ခြင်း မပြုဖို့၊ တွီးထန်ကျေးရွာတွင်း နေထိုင်သူတွေအနေနဲ့ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူရန် ဖြစ်စေ၊ အရေးပေါ်ကျန်းမာရေးကိစ္စရပ်တွေ ပေါ်ပေါက်ရင်ဖြစ်စေ အသွားအလာကန့်သတ် နေရာရှိ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ဖြစ်ပြီး အဲဒီအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တွီးထန်ကျေးရွာမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က သေဆုံးသူ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးထံကနေ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သေးတယ်လို့ တီးတိန်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်ကပြောပါတယ်။
“မနေ့က သေဆုံးတာပါ။ သူက တွီးထန်ကျေးရွာ နေအိမ်မှာ Home Quarantine ထားတဲ့သူပါ။ သူကနေမကာင်းဘူး။ သူ့ကိုတနင်္လာနေ့မှာ ကိုဗစ်ရောဂါပိုးစစ်ဖို့လုပ်ထားတာ။ မနေ့က ရုတ်တရက်ဆုံးသွားတာ။ အဲဒါနဲ့စစ်တော့ ပိုးတွေ့တာ။ သူ့ရောဂါအခံက ဆိုးလို့နေမှာပေါ့။”လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
တီးတိန်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၀ ကျော်အထိရှိပြီး အခုလက်ဆေးကုသမှုခံယူနေသူ ၁၇ ဦးရှိကာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၄ ဦးကို ဆေးရုံကနေ ဆင်းခွင့်ပေးမှာဖြစ်ပါတယ်။ ချင်းပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်ရှိနေပြီး ပိုးတွေ့လူနာအများဆုံးက တီးတိန်နှင့် မင်းတပ်မြို့နယ်တို့ ဖြစ်ပါတယ်။
ပိုတေး