Home > သတင်း > ကျန်းမာရေး > မုံရွာအိုးရှင်းစင်တာ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့သော်လည်း ပိတ်ရန် အစီအစဉ်မရှိ

မုံရွာအိုးရှင်းစင်တာ ဝန်ထမ်းတစ်ဦး ကိုဗစ်ပိုးတွေ့သော်လည်း ပိတ်ရန် အစီအစဉ်မရှိ

မုံရွာမြို့ အိုးရှင်းစူပါစင်တာက ဝန်ထမ်းအမျိုးသမီးတစ်ဦး ဒီဇင်ဘာလ ၂၇ ရက်နေ့က အနံ့ပျောက်လို့ သွားစစ်တာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဝန်ထမ်းအမျိုးသမီးမှာ ပိုးတွေ့ပေမယ့် အိုးရှင်းစင်တာကိုပိတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ မုံရွာမြို့နယ်ကိုဗစ်ကော်မတီတာဝန်ရှိသူက ပြောပါတယ်။

“အိုးရှင်းစင်တာကို ပိတ်ဖို့အစီအစဉ်မရှိပါဘူး။ သူကအိုးရှင်းက ပရိဘောဂတွေရောင်းတဲ့ဘက်က သန့်ရှင်းရေးပေါ့။ သန့်ရှင်းရေးကိုတောင်မှ အချိန်ပိုင်းနဲ့ အလုပ်လုပ်ရတာ။ သူနဲ့ထိစပ်တဲ့သူတွေကို CCTV ကနေ ပြန်ကြည့်တယ်။ အဲဒီသူနဲ့ထိစပ်သူတွေကို Quarantine ထည့်လိုက်ပြီ။ အိုးရှင်းစင်တာကို ပိတ်ဖို့အစီအစဉ်မရှိသေးပါဘူး။ သူကသန့်ရှင်းရေးဝန်ထမ်းလဲဖြစ်တယ်။ အချိန်ပိုင်းလဲဖြစ်တယ်။ အရောင်းစာရေးမလဲမဟုတ်ဘူး။ အိုးရှင်းစင်တာကို ပိုးသတ်ဆေးဖျန်းတာတို့ ဆောင်ရွက်နေပါတယ်။ အိုးရှင်းစင်တာကလဲ ပုံမှန်တိုင်းပဲ ပိုးသတ်ဆေးဖျန်းပါတယ်။ ကျွန်တော်တို့က ထွေထွေထူးထူး သီးခြားဖျန်းစရာမလိုဘူးပေါ့။”လို့ မုံရွာမြို့နယ် ကိုဗစ်ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

ထန်းတောရပ်ကွက်နှင့် နတ်လူထိပ္ပန်ရပ်ကွက်က ပိုးတွေ့လူနာနှစ်ဦးက အနံ့ပျောက်လို့ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ပြီး Test kitနဲ့ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“သူတို့ကတော့ အနံ့ပျောက်တယ်။ ခရီးသွားရာဇဝင်မရှိဘူးလို့ပြောနေတယ်။ သူတို့နှစ်ယောက်ရဲ့Contact က ၂၅ ယောက်ရှိတယ်။ အဲဒီ ၂၅ ယောက်ကို Quarantine ထည့်လိုက်ပြီ။”လို့လည်း အုပ်ချုပ်ရေးမှူးကပြောပါတယ်။

အဲဒီပိုးတွေ့နှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်ပြီး မုံရွာမြို့ပြည်သူ့ဆေးရုံမှာ ထားရှိ ဆေးကုသမှုပေးနေလျက်ရှိပါတယ်။ မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၈၉ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၆၇ ဦးရှိကာ သေဆုံးသူ ၂ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ ၂၇ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်း သတင်းတွေအရလည်း မုံရွာမြို့မှာ ပိုးတွေ့လူနာ ၂ ဦးထပ်တိုးခဲ့ပါတယ်။ တစ်ဦးက မြဝတီရပ်ကွက် ပိုးတွေ့လူနာရဲ့ ကွင်းဆက်ဖြစ်ပြီး နောက်တစ်ဦးကတော့ မန္တလေးက ပြောင်းလာတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ အားလုံးက ကွာရင်တင်းဝင်နေသူတွေဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ပိုတေး

error: Content is protected !!