မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေယာတွေနဲ့ပတ်သက်လို့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဖြေရှင်းပေးနိုင်မှုမှာ ၅ နှစ်တာကာလအတွင်း အင်မတန်နည်းပါးနေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် တိုင်းမြေစစ်ကော်မတီအဖွဲ့ဝင်လည်း ဖြစ်သူ ဦးအောင်ကျော်ကျော်ကို မျက်မှောက်ခေတ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
MMK – ပထမဆုံးအနေနဲ့ တိုင်းအတွင်းက မြေယာပြဿနာတွေ NLD အစိုးရလက်ထက် ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေတွေ ပြောပြပေးပါဦးခင်ဗျ။
UAKK – တပ်သိမ်းမြေက အဆိုးဆုံးပဲ။ တပ်သိမ်းမြေကို ဖြေရှင်းရတာ အဆိုးဆုံးပဲ။ တပ်သိမ်းမြေကို ပိုင်ပိုင်နိုင်နိုင် ပြန်ပေးလို့ရတယ်ဆိုတာ မရှိဘူး။ မရှိသလောက်ပဲ။ ဥပမာအားဖြင့် မူဝါဒနဲ့ အတိအကျ တွေ့နေတာ တင်ပြထားတာကိုတောင်မှ ထောက်ပြနိုင်တာကိုတောင်မှ ပြန်မပေးဘူး။ ဥပမာအားဖြင့် မင်းဘူးမြို့ ခလရ (၈၈) က တစ်နာရီလောက် ကားမောင်းသွားရတဲ့ ပွင့်ဖြူမြို့မှာ ဧက ၂၀၀ ကျော်သိမ်းထားတဲ့ဟာဆိုရင် တပ်သိမ်းမြေမူဝါဒမှာ ဆိုထားတာရှိတယ်။ တပ်ရဲ့ ဧရိယာနဲ့ ကွင်းလွတ်တဲ့၊ ဝေးကွာတဲ့ နေရာတွေမှာ တပ်ရဲ့ လုံခြုံရေးအတွက် အသုံးချတာမဟုတ်ဘူးဆိုရင် ပြန်ပေးကို ပေးရမယ်ဆိုတဲ့ မူဝါဒရှိတယ်။ အဲဒီမူဝါဒကိုတောင်မှ တပ်တွေက မလိုက်နာဘူး။ အဓိကကတော့ မူဝါဒဥပဒေတွေရဲ့ စည်းနှောင်မှု အားနည်းနေတာ နောက် ဥပဒေ Rule of Law ပေါ့။ တရားဥပဒေစိုးမိုးမှု မရှိတာ။ လက်ရှိ NLD အစိုးရအပေါ်ကို တပ်တွေအနေနဲ့ အမိန့်နာခံမှု အဲဒါမရှိဘူး။ NLD အနေနဲ့ကလည်း ဒီလိုဖြစ်နေတာကို သိရဲ့သားနဲ့ ဒါကို ပီပီပြင်ပြင် အခြားနည်းနဲ့ပေါ့။ ဒီနည်းနဲ့မရရင် အခြားနည်းလမ်းနဲ့ ဖြေရှင်းမယ်။ ဥပမာ တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဆိုတဲ့ဟာမျိုး တပ်က ဒီလိုခံနေတာ၊ ဒီလိုပြန်မပေးဘူးဆိုတဲ့ဟာကို နည်းလမ်းတစ်ခုခု ရှာမယ်ဆိုတာ NLD အစိုးရက မစဉ်းစားခဲ့ဘူး။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ။ ဒီလိုပဲ တပ်ကပြန်မပေးလို့ဆိုတဲ့ဟာပဲ လက်ညှိုးထိုး အပြစ်ပုံချပြီး နေခဲ့တယ်။ တောင်သူတွေကလည်း ဒီတိုင်းပဲ ခံခဲ့ရတယ်။ ခံနေရခဲ့ရတယ်။ အဲဒါတော့ ဒီနေ့ချိန်ထိပဲ။ လာမယ့်အစိုးရကတော့ ၂၀၂၁ အစိုးရကတော့ စောင့်ကြည့်ရဦးမှာပေါ့နော်။ သိပ်တော့ အားမရပါဘူး။
MMK – မကွေးတိုင်းမှာ သိမ်းဆည်းမြေဧက ဘယ်လောက်လောက်ရှိလဲ။ အဲဒီထဲက ဖြေရှင်းပေးပြီးမှု ရာခိုင်နှုန်းက ဘယ်လောက်ရှိလဲဗျ။
UAKK – မကွေးတိုင်းမှာ သိမ်းဆည်းမြေဧကစုစုပေါင်းကို မကွေးတိုင်းတောင်သူလယ်သမားသမဂ္ဂက စစ်တမ်းကောက်ယူထားတာရှိတယ်။ စုစုပေါင်း ၄ သိန်းခွဲကျော်ကျော်ရှိတယ်။ ဧကပေါင်း ၄ သိန်းခွဲကျော်ပေါ့။ အဲဒီထဲမှာ ဖြေရှင်းတာ ဘယ်လောက်မှ မရှိဘူး။ ဖြေရှင်းပြီးတာက ဆယ်ရာခိုင်နှုန်းလောက်၊ ကိုးရာခိုင်နှုန်းလောက်အပြင် မရှိဘူး။ အဲဒီမှာ ဖြေရှင်းတယ်ဆိုတဲ့ကိစ္စအပေါ်မှာ ကောက်ယူမှုကလည်း ကွာနေတာရှိတယ်။ တို့အရပ်ဖက်ကလူတွေကောက်ယူတာနဲ့ ဝန်ထမ်းတွေကောက်ယူတာ မတူဘူး။ တို့အရပ်ဖက်ကလူတွေ၊ တောင်သူကိုယ်စားလှယ်တွေ ကောက်ယူတာက ဒီသိမ်းဆည်းမြေကို တောင်သူကို ပြန်ပေးလိုက်နိုင်ပြီ သို့မဟုတ် နစ်နာလျော်ကြေး လျော်နိုင်ပြီဆိုရင် ဒါ ဖြေရှင်းလို့ အောင်မြင်တာပဲ။ ပြီးသွားတာပဲလို့ တို့က မှတ်ယူတာ။ ကောက်ယူတာ။ ထွေအုပ်တို့ မြေစာရင်းတို့က အဲလိုမဟုတ်ဘူး။ ဒီအမှုက ပြီးသွားတယ်။ တောင်သူကိုလည်း မြေလည်း ပြန်မပေးနိုင်ဘူး။ လျော်ကြေးနစ်နာကြေးလည်း မပေးနိုင်ဘူး။ ဥပမာအားဖြင့် အထောက်အထားမခိုင်လုံလို့ အမှုကို ပိတ်သိမ်းလိုက်တယ်။ အမှုပိတ်သိမ်းလိုက်ရင် ထွေအုပ်၊ မြေစာရင်းလို့ ဌာနဆိုင်ရာတွေက ဒါဟာ ဖြေရှင်းလို့ ပြီးသွားပါပြီလို့ သူတို့က ကောက်ယူတာ။ မှတ်ယူတာ။ မတူဘူး အဲဒါမျိုး။ ချဉ်းကပ်ပုံချင်းကလည်း လွဲနေတယ်။ သူတို့မေးလိုက်ရင် မယုံရင် အင်တာဗျူးကြည့်ပါ။ သူတို့အင်တာဗျုးလိုက်ရင် ၉၀ ရာခိုင်နှုန်းလောက်တော့ အောင်အောင်မြင်မြင် ပြီးသွားပါပြီလို့ သူတို့က ပြောတယ်။ ကိုယ်တို့ မေးမယ်ဆိုရင်တော့ သိမ်းဆည်းမြေကိစ္စဟာ ဒီ ၂၀၁၅- ၂၀၂၀ NLD သက်တမ်းအတွင်းမှာ လုံးဝ ဖြေရှင်းလို့ မအောင်မြင်ဘူးလို့ ကိုယ်ကတော့ ကောက်ချက်ချရလိမ့်မယ်။
MMK – တပ်သိမ်းမြေတွေနဲ့ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်တို့ရဲ့ ခံယူချက်တွေကကော ဘယ်လိုမြင်တွေ့နေရပါလဲ။
UAKK – သိမ်းဆည်းမြေကိစ္စတွေမှာ အဓိကကတော့ တပ်သိမ်းမြေဆိုတာကတော့ နောက်ဆုံးပိတ်ပေါ့နော်။ ဒါကအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အဓိက သက်ဆိုင်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးရရင် ဒီတပ်သိမ်းမြေကိစ္စတွေ အောင်မြင်မယ်ပေါ့။ အဲတော့ ဒီတပ်သိမ်းမြေကိစ္စ မအောင်မြင်ခင်အတွင်းမှာ တခြားသိမ်းဆည်းမြေကိစ္စတွေရှိတယ်။ တခြားဌာနဆိုင်ရာ သစ်တောတို့၊ စိုက်ပျိုးရေးတို့၊ ပညာရေးတို့ အစရှိသဖြင့်ပေါ့လေ။ အဲဒါမျိုး သိမ်းဆည်းမြေကိစ္စတွေရှိတယ်။ အဲဒါတွေဆိုရင် NLD အစိုးရအနေနဲ့ အောင်မြင်အောင် လုပ်နိုင်တယ်။ တကယ်အာရုံစိုက်ပြီးလုပ်နိုင်မယ်ဆိုရင် အောင်မြင်တယ်။ ဒါပေမယ့် NLD အစိုးရက တာဝန်ယူထားတဲ့ ဝန်ကြီးချုပ်တွေပေါ့။ အဓိက ဝန်ကြီးချုပ်တွေက ဒီသိမ်းဆည်းမြေတွေအပေါ်မှာ သိပ်ပြီး အာရုံစိုက်တာကို မတွေ့ရဘူး။ တခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လမ်းတံတား၊ လျှပ်စစ်၊ တည်ဆောက်ရေးကိစ္စလောက်တွေမှာပဲ သူတို့အာရုံစိုက်တာကို တွေ့ရတယ်။ အဲဒီတော့ အဓိက သိမ်းဆည်းမြေ အောင်မြင်ချင်တယ်ဆိုရင်တော့ မူဝါဒတွေ ပြင်ရမယ်။ မူဝါဒက ပြင်ရမှာတွေတော့ အများကြီးပဲ။ ပြောရမယ်ဆိုရင်။ ဒါပေမယ့် အဓိကကျတဲ့ အချက် ၃ ချက်လောက် ပြောချင်တယ်။ ဒီမြေကို ပြန်ပေးသင့်ပါတယ်လို့ အောက်ခြေအဆင့်ဆင့်က ပြောပြီးတဲ့ နောက်ပိုင်းမှာ တိုင်းနှင့်ပြည်နယ်အဆင့်ထိ ဒီမြေကို ပြန်ပေးသင့်တယ်လို့ ပြောပြီးတဲ့ နောက်ပိုင်းမှာ ဗဟိုမြေစစ်ကော်မတီက မြေသိမ်းထားတဲ့ ပြည်ထောင်စု ဝန်ကြီးဌာနကို ပြန်လည်စွန့်လွှတ်ရန် ရှိမရှိ ဆိုတာမေးမြန်းနေရတယ်။ အဲလိုမေးမြန်းတိုင်း မေးမြန်းတိုင်း ဘယ်တော့မှ ပြန်ပေးပါမယ်လို့ အဆင်ပြေပြေ မရှိခဲ့ဘူး။ ပြည်ထောင်စုဝန်ကြီးဌာနတွေက လိုချင်လို့ကို ယူထားတာဖြစ်တဲ့အတွက် သူတို့က အနာဂတ်စီမံကိန်းရှိပါတယ်ဆိုပြီးမှ အဲဒီနေရာမှာတင် သိမ်းဆည်းမြေကိစ္စက မအောင်မြင်နဲ့ ဇာတ်လမ်းက ရပ်ရပ်သွားတယ်။ အဲတော့ကျတော့ ဒီသိမ်းဆည်းမြေကိစ္စက အောင်မြင်တယ်ဆိုရင် မြေသိမ်းထားတဲ့ ပြည်ထောင်စု ဝန်ကြီးဌာနတွေကို ဒီအာဏာကို မပေးဖို့ လိုတယ်။ နောက်တချက်ကကျတော့ မြေကို မြေသိမ်းထားတဲ့ ပြည်ထောင်စု ဝန်ကြီးဌာနက နိုင်ငံတော်အစိုးရကို မြေပြန်အပ်တော့မယ်ဆိုရင် ရည်ရွယ်ချက် သုံးမျိုးကို ဖော်ပြခိုင်းနေတယ်။ မလိုအပ်ဘဲနဲ့ ဖော်ပြခိုင်းနေတယ်။ အဲဒါက ဘာတုန်းဆိုတော့ နံပါတ်တစ်က သူ့မှာ မလိုလို့အပ်တာ။ ပိုလျှံနေလို့ အပ်တာ။ နံပါတ်နှစ် အခြားဌာနတွကို ပေးချင်လို့အပ်တာ။ သူ့မှာပိုတယ်။ အခြားဌာနက လိုတယ်။ ပေးချင်လို့အပ်တာပေါ့။ နံပါတ်သုံးကျမှ တောင်သူကို မြေပြန်ပေးချင်လို့ အပ်တာ။ အဲဒီတော့ အဲဒီဟာကလည်း လူဆိုးကို မင်းသားဖြစ်အောင် သူတို့က လုပ်ထားတယ်။ မြေသိမ်းပြည်ထောင်စုဝန်ကြီးဌာနဆိုတာ လူဆိုးတွေပဲ။ အဲဒီလူဆိုးတွေကို အာဏာအပ်ထားတယ်။ အမှန်တကယ်က သူတို့ကိစ္စမဟုတ်ဘူး။ ဒီဟာက ဘယ်လိုပဲဖြစ်ဖြစ် ပြန်အပ်ဆို အပ်ရမှာပဲ။ ပြည်ထောင်စုအစိုးရကို အပ်လိုက်ရင် ပြီးတာပဲလေ။ ဒီမြေကိုမှ ပြည်ထောင်စုအစိုးရက ဒီတိုင်းထားမလား။ နိုင်ငံတော် အရံမြေအဖြစ်ထားမလား။ အခြားဌာနဆိုင်ရာတစ်ခုခုကိုပေးမလား။ ဒါမှမဟုတ်ဘူးဆိုရင်လည်း တောင်သူကို ပြန်ပေးမလား။ ပြည်ထောင်စုအစိုးရရဲ့ အာဏာ။ အဲဒီအာဏာကို မြေသိမ်းပြည်ထောင်စုဝန်ကြီးဌာနကို ပေးထားတဲ့အတွက် သိမ်းဆည်းမြေကိစ္စက မအောင်မမြင်ဖြစ်ရတာ။ နောက်ဆုံးအချက်က အစိုးရက သိမ်းဆည်းထားတဲ့မြေကို တောင်သူကို ပြန်ပေးဖို့လုပ်တဲ့အခါမှာ State Land လုပ်နေရတဲ့အဆင့်ပေါ့။ လုပ်ထုံးလုပ်နည်းအရ State Land ပြန်လုပ်ရတယ်။ အဲဒီ State Land လုပ်နေရတဲ့အဆင့် ဖြတ်သန်းနေရတဲ့အတွက် တောင်သူလယ်သမားရဲ့ လက်ထဲကို မြေက ပြန်မရောက်ခဲ့ဘူး။ အခြားသူရောက်ချင်ရာတွေ အကုန်လုံးရောက်သွားတယ်။ အဲဒီအတောအတွင်းမှာကို တခြားဌာနဆိုင်ရာတွေကို ပေးလိုက်တာမျိုးတွေ၊ ဒီပုံစံမျိုးနဲ့ ဖြစ်သွားတာတွေရှိတယ်။ အဲဒါကြောင့် အစိုးရက သိမ်းထားပြီးသားမြေတစ်ခုဟာ State Land ဖြစ်ပြီးသားပဲ။ အဲတော့ State Land လုပ်စရာမလိုဘူး။ နောက်သဘောတရားတစ်ခုက လယ်ယာမြေကို သိမ်းပြီး စီမံကိန်းလုပ်တယ်။ စီမံကိန်းပျက်သွားပြီဆိုရင် သူက လယ်ယာမြေအဖြစ် အလိုအလျောက် ပြန်ရောက်သွားတယ်။ သူ့ရဲ့ သဘောတရားအရပေါ့။ သစ်တောမြေကို သိမ်းပြီးခါမှ စီမံကိန်းလုပ်တယ်။ စီမံကိန်းက ပျက်သွားပြီဆိုရင် မူလမြေအမျိုးအစားဖြစ်တဲ့ သစ်တောမြေပြန်ဖြစ်သွားပြီ။ ဘာမှ State Land လုပ်နေစရာ အကြောင်းမရှိဘူး။ State Land လုပ်နေတဲ့အတွက် ကြန့်ကြာလည်း ကြန့်ကြာတယ်။ ဒီအတောအတွင်းမှာ တောင်သူတွေထံ မြေပြန်မရောက်တဲ့ပြဿနာတွေလည်း အများကြီးတက်တယ်။ အဲဒါကြောင့် အဲဒီလို မူဝါဒတွေ လုပ်ထုံးလုပ်နည်းတွေကို ပြင်နိုင်မှသာလျှင် နောက် NLD အစိုးရက ပြင်ပြီးခါမှ သိမ်းဆည်းမြေကိစ္စကို ဖြေရှင်းမသာလျှင် အောင်မြင်မယ်။ ဒါပေမယ့် ကိုယ်ထင်ပါတယ်။ အောင်မြင်မယ်မထင်ပါဘူး။ အဲဒါတွေလည်း ကောင်းကောင်းမွန်မွန်ဖြေရှင်းမယ်လို့ မထင်ပါဘူး။
MMK – ဆိုတော့ နောက်တက်လာမယ့်အစိုးရကလည်း NLD အစိုးရပဲ ထပ်ဖြစ်ဦးမယ်ဆိုတော့ ဒီသိမ်းဆည်းမြေကိစ္စတွေက ဘာတွေ တိုးတက် ပြောင်းလဲ ဆက်ဖြစ်လာနိုင်ဦးမယ်လို့ မျှော်လင့်လို့ ရဦးမလဲဗျ။
UAKK – မတိုးတက်လောက်ဘူး။ မတိုးတက်လောက်ဘူးဆိုတာက နိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ ဘာလို့တုန်းဆိုတော့ ပြီးခဲ့တဲ့ သက်တမ်းတုန်းက ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ခန့်ခဲ့တာက ပညာရှင်တွေခန့်တယ်ဆိုပြီး ဒေါက်တာအောင်သူတို့လို လူမျိုးတွေ၊ ဒေါက်တာမျိုးသိမ်းကြီးတို့လို နောက် အခုစီးပွားကူးသန်းဆို ဒေါက်တာမြင့်သန်းတို့လို လူမျိုးတွေကို ခန့်တာလေ။ သူတို့က Political Will မရှိဘူး။ အဲဒီလူတွေက ခိုင်းရင်လုပ်တတ်တဲ့အကျင့်ပဲရှိတယ်။ အဲဒါကျတော့ သိမ်းဆည်းမြေကိစ္စက တကယ်တမ်းကျတော့ ဆင်ခြင်တုံတရားနဲ့ နှလုံးသားနဲ့ သွားရတဲ့ကိစ္စကိုး။ Political Will နဲ့ သွားရတာကိုး။ အဲလိုမျိုး ဝန်ထမ်းကလာတဲ့ ပညာရှင်၊ ပညာသည်လို့ပြောနေတဲ့ ဝန်ထမ်းကလာတဲ့ လူတွေကို ခန့်ဦးမယ်ဆိုရင် မအောင်မြင်ရတဲ့ အကြောင်းအရင်းထဲ အဲဒါလည်း ပါတယ်။ သူတို့က အဓိက ၂၀၁၅-၂၀၂၀ အတွင်းလုပ်သွားတဲ့ NLD အစိုးရကို ဝေဖန်ရမယ်ဆိုရင် အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် တိုက်နိုင်ဖို့ နေနေသာသာ အာဏာရှင်က မွေးခဲ့တဲ့ လက်ကိုင်တုတ်တွေဖြစ်တဲ့ ဌာနဆိုင်ရာတွေကိုတောင်မှ နိုင်အောင် မတိုက်နိုင်ဘူး။ ဒီလက်ကိုင်တုတ်တွေရဲ့ လှည့်စားမှုအောက်မှာ ခံခဲ့ရတယ်။ ဒါ ငါးနှစ်သက်တမ်းအတွေ့အကြုံပဲ။ အဲဒါကြောင့်လဲ သိမ်းဆည်းမြေကိစ္စက မအောင်မြင်တာ။ လာမယ့်ငါးနှစ်လည်း အဲလိုပဲ ဆက်ဖြစ်ဦးမှာပဲ။ အောင်မြင်မယ်လို့ ကိုယ်ကတော့ မထင်ဘူး။
MMK – အခုလက်ရှိမှာလည်း တိုင်းအတွင်းမှာ တပ်ကနေ တောင်သူတွေကို တရားစွဲဆိုနေတာတွေ ရှိနေတယ်။ ဒီအပေါ်မှာကော အမြင်သဘောထားလေး ပြောပြပေးပါဦး။
UAKK – သိမ်းပြီးရင် တောင်သူတွေကို လုပ်ခွင့်ပေးထားတယ်ဆိုတာက ဥပဒေမှာ အဲလိုလုပ်လို့ရတယ်လို့ မရှိဘူး။ ပြဌာန်းချက်မရှိဘူး။ ဥပဒေပြဌာန်းချက်က ဘယ်လိုတုန်းဆိုတော့ လယ်ယာမြေကို သိမ်းပြီးပြီဆိုရင် ၆ လအတွင်းမှာ အကောင်အထည်ဖော်ကိုဖော်ရတာပဲ။ ဆေးရုံဆိုလည်း ဆေးရုံပေါ့။ စစ်တန်းလျားဆိုလည်း စစ်တန်းလျားပေါ့။ မလုပ်ဘဲနဲ့ ဒီလို မြေတွေကို လှပ်ထားမယ်ဆိုရင် ဒါကို နိုင်ငံတော်ကို ပြန်အပ်ပြီးခါမှ မူလပိုင်ရှင်ကို ပြန်ပေးရတာ။ ဒါက ဥပဒေကြောင်းအရ တိတိကျကျရှိနေတဲ့ဟာပေါ့။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဖြေက အဲဒီဥပဒေကြောင်းနဲ့ကိုက်ညီနေတာကို မတွေ့ရဘူး။ မကိုက်ညီဘူးပေါ့နော်။ ကြိုသိမ်းထားတယ်။ ကြိုသိမ်းထားပြီးတော့မှ သူတို့အခုမလုပ်နိုင်ဘူး။ မလုပ်နိုင်သေးတဲ့အတွက် တောင်သူကို သီးစားချပေးတယ်ဆိုတာက ဥပဒေနဲ့လည်း မကိုက်ညီဘူး။ အဲဒါကြောင့် ဥပဒေနဲ့ကိုက်ဖို့ဆိုရင် အနည်းဆုံး လိုအပ်သော ပမာဏကိုပဲ သိမ်းပြီးခါမှ သိမ်းတဲ့ဟာတွေကိုလည်း တောင်သူကို ထိုက်ထိုက်တန်တန်လျော်ကြေးပေးပြီး ကျန်တဲ့အမြောက်အများကိုတော့ တောင်သူလယ်သမားတွေကို ပြန်ပေးသင့်တယ်လို့ ကိုယ်ကတော့ အဲလိုပဲ ယူဆတယ်။ ဥပဒေအခြေခံပြောတာပေါ့။
MMK – လက်ရှိ ကျော ကပစ (၂၃) ကနေ တောင်သူ ၁၅ ဦးကို တရားစွဲတယ်။ လွှတ်တော်အဖြေအရဆိုရင် တောင်သူတွေကို လျော်ကြေးပေးထားပြီးသားပေါ့။ လုံခြုံရေးအရ ပြန်ပြးတော့ မစွန့်လွှတ်နိုင်ပါဘူးဆိုပြီး ပြန်လည်ဖြေကြားထားတာ။ အခုကျတော့ တရားစွဲတဲ့အထိဖြစ်လာပြီ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
UAKK – ခြုံငုံသုံးသပ်ပြီးပြောရရင် မြေသိမ်းတဲ့အခါမှာ မြေခွန်တော်ရဲ့ ၁၂ ဆကနေ အဆ ၂၀ အတွင်းကို တောင်သူလယ်သမားတွေကို လျော်ကြေးပေးပြီးပြီဆိုတာ နေရာတိုင်းမှာ မြန်မာနိုင်ငံအနှံ့အပြားက တပ်သိမ်းမြေကိစ္စတိုင်းမှာ အဲလိုပြောနေတာပဲ။ အဲလိုပြောနေတာက ကျိုးကြောင်းယုတ္တိ မခိုင်မာဘူး။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေအရ လျော်ပါတယ်ဆိုပြီး အဲလိုလုပ်ထားတာ။ လျော်လိုက်တဲ့ငွေကြေးက တောင်သူလယ်သမားတွေရဲ့ဘဝ ပြန်လည်ထူထောင်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့ငွေကြေးဖြစ်နေတဲ့အတွက် ဒါကို စစ်တပ်အနေနဲ့ ပြန်လည်စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ အခိုင်အမာယူဆတယ်။ နောက်တခါ တရားစွဲတဲ့ကိစ္စတွေမှာလည်း သိမ်းဆည်းခဲ့တဲ့ကိစ္စတွေကို တကယ့်ကို ဥပဒေနဲ့အညီ စနစ်တကျပြီးပြတ်ခဲ့တဲ့ကိစ္စတွေ မဟုတ်ဘူး။ တရားစွဲတယ်ဆိုတဲ့ ချဉ်းကပ်တာ အပြင်ကနေ သွားဖို့လိုတယ်။ ဘာလို့လဲဆိုတော့ သိမ်းဆည်းမြေကိစ္စဖြေရှင်းတော့မယ်ဆိုရင် ပထမဦးဆုံးဖြေလျော့တဲ့ကိစ္စတွေ လုပ်ရမယ်။ တရားစွဲထားရင်တောင်မှ အမှုပြန်ရုပ်သိမ်းရမယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်း မြေကဘယ်လောက်ပြန်ပေးနိုင်မယ်။ လျော်ကြေးဘယ်လောက်ပေးနိုင်မယ်ဆိုတာမျိုးနဲ့ပဲ သွားသင့်တယ်။ တောင်သူက မြေလည်းဆုံးတယ်။ လျော်ကြေးလည်း ထိုက်ထိုက်တန်တန်မရဘူး။ တရားလည်းအစွဲခံရတယ်ဆိုရင် မိအေးနှစ်ခါနာ၊ သုံးခါနာ အဲလိုဖြစ်နေတယ်။ အဲလိုဖြေရှင်းနည်းဟာ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းတဲ့ ဖြေရှင်းနည်းမဟုတ်ဘူးလို့ အခိုင်အမာယူဆတယ်။ ဘယ်တော့မှ မပြေလည်ဘူးအဲဒီအတိုင်းဆိုရင်။
MMK – ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ တိုင်းအတွင်း မြေယာပြဿနာ အမှုတွဲ ဘယ်လောက်များရှိနေပါလဲဗျ။
UAKK – တစ်တိုင်းလုံးမှာ အမှုအရေအတွက်က ၁၁၀၀ ကျော်ကျော်ရှိတယ်။ ဧကပေါင်းအနေနဲ့ ၄ သိန်းခွဲကျော်ကျော်ရှိတယ်။
သိမ်းဆည်းမြေယာပြဿနာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်ကြဖို့လည်း ၂၀၁၈ ခုနှစ်အတွင်းက လူထုတွေ့ဆုံပွဲတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိအချိန်ထိမှာတော့ အစိုးရသက်တမ်းကုန်ခါနီးသည့်တိုင်အောင် တိုင်းနှင့်ပြည်နယ်အားလုံးမှာ သိမ်းဆည်းမြေယာပြဿနာတွေ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး။
By မျက်မှောက်ခေတ်