Home > သတင်း > တရားဉပဒေစိုးမိုးရေး > တပ်သိမ်းမြေအပေါ်ကျူးကျော်လို့ဆိုပြီး တောင်သူ ၁၅ ဦး တရားစွဲခံရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသမှာရှိတဲ့ ကပစ (၂၃) ကနေ တပ်သိမ်းမြေအတွင်း ကျူးကျော်ဝင်ရောက်လို့ဆိုပြီး တောင်သူ ၁၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။ တာဝန်ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးကျော်မှုပုဒ်မ ၄၄၇ တို့နဲ့ ကန့်သက်ကျေးရွာက တောင်သူ ဦကျန်းအောင်ပါ ၁၅ ဦးကို ကပစ (၂၃) မှ ဗိုလ်ကြီးဇာနည်မောင်ကနေ တရားလိုပြုလုပ်ကာ ဂန့်ဂေါမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ကိုယ့်လယ်ကိုယ့်ယာမှာ ကောင်းကောင်းမွန်မွန်လုပ်စားနေတာ။ သူတို့က လျော်ကြေးပေးထားတယ်ဆိုပေမယ့် လျော်ကြေးကလည်း တစ်ဧကမှ ၁၁၈ ကျပ်ပဲရတယ်။ အခုက အဆောက်အဦးဆောက်မယ်ဆိုပြီး လယ်ယာတွေကို စက်နဲ့ထိုးလာတာ။ တခြားနေရာလွတ်တွေအများကြီးရှိရဲ့သားနဲ့ တောင်သူတွေအဓိက လုပ်ကိုင်နေတဲ့နေရာကိုမှ ရွေးပြီး လုပ်တာ။ ဒါကို မလုပ်ဖို့၊ တခြားနေရာမှာလုပ်ဖို့တားတော့ တားတဲ့သူကို တရားစွဲတယ်။ နောက်ပြီး အခုဆို ပန်းနှမ်းတွေကြဲထားတယ်။ စားတော်ပဲတွေကြဲထားတယ်။ ဒါတွေလည်း တချို့ထိုးတဲ့ထဲပါတယ်။ အခုလိုဖြစ်ရတာက ရွေးကောက်ပွဲမှာ NLD နိုင်လို့ လုပ်တယ်လို့ပဲ ထင်ပါတယ်။”လို့ တရားစွဲဆိုခံထားရတဲ့ တောင်သူ တစ်ဦးက ပြောပါတယ်။

တောင်သူတွေကလည်း သူတို့စိုက်ပျိုးထားတဲ့ သီးနှံတွေ ဖျက်ဆီးခံထားရတဲ့အတွက် အကျိုးစီးပွားပျက်စီးစေမှုနဲ့ ပြန်လည်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ‌တော့ တောင်သူ ၁၅ ဦးအတွက် ကျပ်သိန်း ၁၅၀ နဲ့ အာမခံထားရှိထားတယ်လို့ သိရပါတယ်။ အခုလို ကိစ္စတွေကို နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြဿနာတွေလို့လည်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်က သုံးသပ်ပြောဆိုထားပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင်ဖြစ်သွားတဲ့ ဖြစ်စဉ်လေးအပေါ်မူတည်တာလို့ သုံးသပ်တယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ အားလုံးလည်း သိတဲ့အတိုင်းပဲ သူတို့ကတော့ ပါတီနာမည်တွေမပြောဘူးပေါ့။ အစိမ်းဖက်ကို မဲပေး။ မဲမပေးရင် မင်းတို့သုံးရွာ ဖယ်ထုတ်ရမယ်။ မင်းတို့သုံးရွာဒီကနေ ထွက်သွားရမယ်ဆိုတဲ့ စကားမျိုးနဲ့ သူတို့ ပင်စင်ယူခါနီး ဗိုလ်မှူးအဆင့်က ရွာအုပ်ချုပ်ရေးမှူးအိမ်ကို လာပြီးတော့ ပြောတယ်။ အခုကျတော့ NLD က အပြတ်အသတ်နိုင်သွားတယ်။ ဒီသုံးရွာက အစကတည်းက ၂၀၁၅ တုန်းကလည်း ၉၀ ရာခိုင်နှုန်း၊ အခုလည်း ၉၀ ရာခိုင်နှုန်းတောင်မကဘူး ကျော်သေးတယ်။ အဲလိုဆိုတော့ ရန်စတဲ့သဘောမျိုးလို့ သုံးသပ်တာပေါ့။ ဒါပေမယ့် ပဋိပက္ခလည်း မဖြစ်စေချင်လို့ အတတ်နိုင်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အေးအေးဆေးဆေးပဲဖြစ်အောင် သူတို့ရဲ့ အထက်လူကြီးတွေကို ချိတ်ဆက်ပြီးတော့ ညှိနှိုင်းပေးနေတယ်။ ဝန်ကြီးဌာနကို ချိတ်ဆက်ပြီးတော့ ညှိနှိုင်းပေးနေတယ်။”လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က မျက်မှောက်ခေတ်ကို ပြောဆိုထားပါတယ်။

တပ်သိမ်းမြေကိစ္စနဲ့ပတ်သက်လို့ တောင်သူ ၁၅ ဦးရဲ့ စက်ရုံဧရိယာနဲ့လွတ်ကင်းတဲ့ လယ်ယာမြေဧက ၃၀ ကျော်လေးကို ပြန်လည်စွန့်လွှတ်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ၂၀၁၇ ခုနှစ်က တင်ပြခဲ့ဖူးပါတယ်။ ကာကွယ်ရေးဦးစီးဌာနကတော့ လုံခြုံရေးအရ စွန့်လွှတ်နိုင်ခြင်းမရှိပေမယ့် တောင်သူတွေကို အခမဲ့လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ပြန်လည်ဖြေကြားထားပါတယ်။

စက်ရုံက အလောင်းတော်ကဿပ အမျိုးသားဉယျာဉ် သဘာဝမြေဧရိယာ ၄၈၀၀၀ ကျော်၊ သစ်တောမြေ ၃ သောင်းကျော်၊ မြေလွတ်မြေရိုင်း ၂ ထောင်ကျော်၊ ဒေသခံတွေရဲ့ လယ်မြေ ၅၆၈၊ ယာမြေ ၆၄၂ နှင့် အခြားမြေ ၄၇ ဧက အပါအဝင် စုစုပေါင်းမြေဧရိယာ ၈၅၀၀၀ ကျော်ကို တပ်ပိုင်မြေ စက်ရုံဧရိယာအဖြစ် သတ်မှတ်ထားပါတယ်။

အခုလို တောင်သူတွေ တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂ အကြံပေးဖြစ်သူ ဦးအောင်ကျော်ကျော်က “မြေသိမ်းတဲ့အခါမှာ မြေခွန်တော်ရဲ့ ၁၂ ဆကနေ အဆ ၂၀ အတွင်းကို တောင်သူလယ်သမားတွေကို လျော်ကြေးပေးပြီးပြီဆိုတာ နေရာတိုင်းမှာ မြန်မာနိုင်ငံအနှံ့အပြားက တပ်သိမ်းမြေကိစ္စတိုင်းမှာ အဲလိုပြောနေတာပဲ။ အဲလိုပြောနေတာက ကျိုးကြောင်းယုတ္တိ မခိုင်မာဘူး။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေအရ လျော်ပါတယ်ဆိုပြီး အဲလိုလုပ်ထားတာ။ လျော်လိုက်တဲ့ငွေကြေးက တောင်သူလယ်သမားတွေရဲ့ဘဝ ပြန်လည်ထူထောင်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့ငွေကြေးဖြစ်နေတဲ့အတွက် ဒါကို စစ်တပ်အနေနဲ့ ပြန်လည်စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ အခိုင်အမာယူဆတယ်။ နောက်တခါ တရားစွဲတဲ့ကိစ္စတွေမှာလည်း သိမ်းဆည်းခဲ့တဲ့ကိစ္စတွေကို တကယ့်ကို ဥပဒေနဲ့အညီ စနစ်တကျပြီးပြတ်ခဲ့တဲ့ကိစ္စတွေ မဟုတ်ဘူး။ တရားစွဲတယ်ဆိုတဲ့ ချဉ်းကပ်တာ အပြင်ကနေ သွားဖို့လိုတယ်။ ဘာလို့လဲဆိုတော့ သိမ်းဆည်းမြေကိစ္စဖြေရှင်းတော့မယ်ဆိုရင် ပထမဦးဆုံးဖြေလျော့တဲ့ကိစ္စတွေ လုပ်ရမယ်။ တရားစွဲထားရင်တောင်မှ အမှုပြန်ရုပ်သိမ်းရမယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်း မြေကဘယ်လောက်ပြန်ပေးနိုင်မယ်။ လျော်ကြေးဘယ်လောက်ပေးနိုင်မယ်ဆိုတာမျိုးနဲ့ပဲ သွားသင့်တယ်။ တောင်သူက မြေလည်းဆုံးတယ်။ လျော်ကြေးလည်း ထိုက်ထိုက်တန်တန်မရဘူး။ တရားလည်းအစွဲခံရတယ်ဆိုရင် မိအေးနှစ်ခါနာ၊ သုံးခါနာ အဲလိုဖြစ်နေတယ်။ အဲလိုဖြေရှင်းနည်းဟာ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းတဲ့ ဖြေရှင်းနည်းမဟုတ်ဘူးလို့ အခိုင်အမာယူဆတယ်။ ဘယ်တော့မှ မပြေလည်ဘူးအဲဒီအတိုင်းဆိုရင်။”လို့ ပြောပါတယ်။

 ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ စတင်ကာ အဆောက်အဦး ဆောက်တော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်သူတွေစိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို စက်ယန္တရားနဲ့ ထိုးချဲ့တာတွေ လုပ်ကိုင်လာတာဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာက ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိခဲ့မှုနဲ့ ဆက်စပ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနေ့မတိုင်ခင် အောက်တိုဘာလအတွင်းကလည်း ကပစ စက်ရုံဧရိယာအတွင်းပါဝင်တဲ့ကျေးရွာတွေကို ကိုဗစ်အကြောင်းပြချက်ကြောင့် NLD ပါတီက မဲဆွယ်စည်းရုံးရေးသွားရောက်ခွင့်မရခဲ့ပါဘူး။ တပ်နဲ့ နှီးနွယ်တဲ့ တခြားသောနိုင်ငံရေးပါတီတွေတော့ ဝင်ရောက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်  ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းကလည်း စက်ရုံဧရိယာအတွင်းကျရောက်နေတဲ့ ကန့်သက်၊ ကျဲ၊ နုံးကြီးကျေးရွာတွေကို နယ်မြေဖွံ့ဖြိုးရေးကိစ္စကွင်းဆင်းရင်း၊ ဒေသခံတောင်သူတွေကို တပ်က တရားစွဲထားတယ်ဆိုတဲ့အတွက် အားပေးနှစ်သိမ့်ရင်း သွားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်ဂိတ်က ဝင်ခွင့်မပေးလို့ ပြန်လှည့်ခဲ့ရတဲ့ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကပစ (၂၃) တာဝန်ရှိသူတွေကိုတော့ မျက်မှောက်ခေတ်က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

error: Content is protected !!