Home > သတင်း > ကျန်းမာရေး > ကလေးတွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးထပ်မံသေဆုံး၊ ကိုဗစ်ကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာ

ကလေးတွင် ကိုဗစ်ပိုးတွေ့လူနာ ၁ ဦးထပ်မံသေဆုံး၊ ကိုဗစ်ကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ မနက် ၄ နာရီခွဲအချိန်က ကိုဗစ်ပိုးတွေ့လူနာ ၁ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၇ ဦးအထိရှိလာပြီဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။ သေဆုံးသူမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က အမောဖောက်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့တာကြောင့် Test kit နဲ့ စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“သူက ဒီလ ၂၄ ရက်နေ့ ဆေးရုံတက်လူနာပါ။ သူမှာရောဂါအခံရှိတယ်လို့ ပြောမထားဘူး။ ကိုဗစ်ကြောင့် ဒီနေ့ မနက် ၄ နာရီခွဲလောက်က သေဆုံးခဲ့တာပါ။ သေဆုံးသူအလောင်းကိုတော့ ဒီကနေ့ မနက်ပိုင်းက ဒိုးဝိုင်းချောင်းသုသာန်မှာ မြေမြှုပ်သဂြိုလ်ခဲ့တယ်။”လို့ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၇၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၅ မြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာသေဆုံးသူ ၁၆ ဦးအထိရှိပြီး ကလေးမြို့နယ်မှာ ၇ ဦး၊ ရွှေဘိုမြို့နယ်မှာ ၂ ဦး၊ မုံရွာမြို့နယ်မှာ ၂ ဦး၊ စစ်ကိုင်းမြို့နယ်မှာ ၃ ဦးနှင့် ကန့်ဘလူမြို့နယ်မှာ ၂ ဦးတို့ ဖြစ်ပါတယ်။

ကလေးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၅၄ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၉၂ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်အထဲက မြို့နယ် ၃၃ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၅၅၈ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၂၇၄ ဦးရှိတယ်လို့လည်း ဒီဇင်ဘာလ ၂၆ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!