Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကြောင့် လအတန်ကြာပိတ်ထားရတဲ့ မုံရွာကုန်စည်ဒိုင် နှစ်ကုန်ရက် ပြန်ဖွင့်မည်

ကိုဗစ်ကြောင့် လအတန်ကြာပိတ်ထားရတဲ့ မုံရွာကုန်စည်ဒိုင် နှစ်ကုန်ရက် ပြန်ဖွင့်မည်

ကမ္ဘာတလွှားဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တခြားလုပ်ငန်းဌာနတွေနည်းတူ မုံရွာကုန်စည်ဒိုင်ကိုလည်း ပိတ်ထားရတာ လအတန်ကြာနေပြီဖြစ်ပါတယ်။ ကုန်စည်ဒိုင်ပိတ်ပြီး အွန်လိုင်းကတဆင့် အရောင်းအဝယ်တွေ ပြုလုပ်ခဲ့ပေမယ့် အခက်အခဲတွေရှိခဲ့ပြီး ရောင်းဝယ်မှုကလည်း ထက်ဝက်ဝန်းကျင် ကျဆင်းခဲ့တာကြောင့် တချို့လုပ်ငန်းရှင်တွေမှာ လုပ်ငန်းရပ်ဆိုင်းရတာတွေလည်း ဖြစ်ပေါ်နေတပါတယ်။ ဒီအတွက် ဆက်လက်ပိတ်ထားဖို့ မဖြစ်နိုင်တော့တာကြောင့် ကိုဗစ်စည်းကမ်းချက်တွေအတိုင်း ကုန်စည်ဒိုင်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

“လက်ရှိအနေအထားမှာ အွန်လိုင်း ရောင်းဝယ်မှုတွေ ကျွန်တော်တို့ လုပ်နေတာကိုး။ ဒီလ ၃၀ ရက်နေ့ကို ပြန်ဖွင့်ဖို့ ဒီနေ့ကျင်းပတဲ့ အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်။ ကုန်စည်စီးဆင်းမှုက မြန်ဆန်ချောမွေ့စေရေးအတွက် တောင်သူတွေ ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ဦးစားပေးစဉ်းစားပြီးတော့ ဖွင့်ဖို့ရာ ဆုံးဖြတ်တာဖြစ်ပါတယ်။”လို့ မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇော်မိုးက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါက ဒေသတွင်းမှာလည်း ကူးစက်ပျံ့နှံ့မှုက များပြားနေပါတယ်။ စစ်ကိုင်းတိုင်းကိုဗစ်ကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရ တိုင်းအတွင်း မြို့နယ်ပေါင်း ၃၁ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၄၇၆ ဦးရှိပြီး ၁၀ ဦးသေဆုံးထားပါတယ်။ ကိုဗစ်ကူးစက်မှုပျံ့နှံ့နေပေမယ့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းတွေအဆက်မပြတ်စေဖို့ ကိုဗစ်အခြေအနေပေါ်မူတည်ကာ ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

လတ်တလောမှာတော့ မုံရွာကုန်စည်ဒိုင်အတွင်းမှာ ပဲတီစိမ်းက အရောင်းအဝယ်သွက်နေပြီး တရုတ်ကို အများဆုံးတင်ပို့နေကာ ပဲစင်းငုံကိုတော့ အိန္ဒိယဖက်က ဝယ်ယူမှုရပ်လိုက်တဲ့အတွက် အရောင်းအဝယ် သိသိသာသာ ကျဆင်းသွားပါတယ်။ ကုန်စည်ဒိုင်ပြန်ဖွင့်ရင်တော့ အထိုက်အလျောက် အရောင်းအဝယ်တိုးတက်လာနိုင်မယ်လို့လည်း ကုန်သည်ပွဲစားတွေက မျှော်လင့်ထားကြပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!