Home > သတင်း > တရားဉပဒေစိုးမိုးရေး > နယ်မြေကွင်းဆင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က ဝင်ခွင့်မပေးလို့ ဂိတ်က ပြန်လှည့်ခဲ့ရ

နယ်မြေကွင်းဆင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်က ဝင်ခွင့်မပေးလို့ ဂိတ်က ပြန်လှည့်ခဲ့ရ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောဒေသ၊ ကပစ (၂၃) က သိမ်းယူထားတဲ့ ဧရိယာအတွင်းပါဝင်နေတဲ့ ကန့်သက်၊ နုံးကြီး၊ ကျဲ စတဲ့ကျေးရွာတွေကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ဒီဇင်ဘာလ ၂၄ ရက်နေ့က မနက်ပိုင်းမှာ နယ်မြေကွင်းဆင်းသွားရာမှာ တပ်ဂိတ်က အဝင်မခံခဲ့လို့ နောက်လှည့်ပြန်ခဲ့ရပါတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဂိတ် (၁)မှာ အဆင်ပြေပြေနဲ့ ဝင်ခွင့်ရခဲ့ပေမယ့် ဂိတ် (၂) ရောက်တဲ့အချိန်မှာ တာဝန်ကျ တပ်မတော်သားတွေကနေ အထဲဝင်မယ့်သူတွေမှန်သမျှ လက်မှတ်ထိုးရမယ်၊ မှတ်ပုံတင်၊ ဖုန်း အားလုံးထားခဲ့ရမယ်ဆိုတဲ့အတွက် မထားနိုင်ဘူးပြောဆိုတာကနေ လုံးဝအဝင်မခံနိုင်ဘူးပြောဆိုခဲ့တဲ့အတွက် မဝင်တော့ဘဲ နောက်လှည့်ပြန်ခဲ့ရတာလို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

“ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်ရယ်၊ ပါတီဝင်တွေရယ် ကားနှစ်စီးနဲ့ နယ်မြေဖွံ့ဖြိုးရေးကိစ္စကွင်းဆင်းရင်း၊ ဒေသခံတောင်သူတွေကို တပ်ကတရားစွဲထားတယ်ဆိုတဲ့အတွက် အားပေးနှစ်သိမ့်ရင်း သွားကြတာ။ ဒါကို ဂိတ်မှာတာဝန်ကျတဲ့ တပ်က အရာရှိတစ်ယောက်အပါအဝင် အခြားအဆင့်တွေက ဖုန်းတွေထားခဲ့ရမယ်။ လက်မှတ်ထိုးရမယ်။ မှတ်ပုံတင်လည်း ထားခဲ့ရမယ်ဆိုပြီးပြောတယ်။ ကိုယ်စားလှယ်တစ်ယောက်ရဲ့ဖုန်း၊ မှတ်ပုံတင်ကို ဒီလိုလွယ်လွယ်မထားခဲ့နိုင်ဘူး။ ပြီးတော့ အခုမှ လာတာလည်း မဟုတ်ဘူး။ အရင်ကလည်း လာနေကျပဲ။ အခုမှ အဲလိုတွေဖြစ်တာ။ မှတ်တမ်းတော့ ယူထားတယ်။”လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။

ကန့်သက်၊ ကျဲ၊ နုံးကြီးကျေးရွာတွေကို ဒေသခံကိုယ်စားလှယ်တွေဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းနှင့် NLD ပါတီဝင်တွေ၊ ဒေသခံတွေက သွားရောက်ခဲ့တာြဖစ်ပါတယ်။ အဲဒီရွာတွေက တောင်သူ ၁၅ ဦးကို ကပစ (၂၃) ကနေ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့အတွက် အခြေအနေတွေကို အသေးစိပ်သိရှိဖို့နဲ့ နယ်မြေဖွံ့ဖြိုးရေးကိစ္စအတွက် သွားရောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လာမှာကို ကြိုသိတဲ့အတွက် အခုလို လုပ်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခါတိုင်းက အဲလိုမဟုတ်ဘူး။ ဒီတိုင်းပဲ။ သိပ်အခက်အခဲမရှိဘူး။ ရွာကလူတွေကလည်း ကြိုဆိုဖို့ပြင်ထားတယ်။ လာလို့မရတော့ မကြိုဆိုလိုက်ရဘူး။ အဓိကကတော့ ကိုယ်စားလှယ်တွေနှင့် ရွာသားတွေကို မတွေ့စေချင်လို့ အခုလို လုပ်တာလို့ပဲ ထင်တယ်။”လို့ ကန့်သက်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲနေ့မတိုင်ခင် အောက်တိုဘာလအတွင်းကလည်း ကပစ စက်ရုံဧရိယာအတွင်းပါဝင်တဲ့ကျေးရွာတွေကို ကိုဗစ်အကြောင်းပြချက်ကြောင့် NLD ပါတီက မဲဆွယ်စည်းရုံးရေးသွားရောက်ခွင့်မရခဲ့ပါဘူး။ တပ်နဲ့ နှီးနွယ်တဲ့ တခြားသောနိုင်ငံရေးပါတီတွေတော့ ဝင်ရောက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်အတွင်း ဂန့်ဂေါမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နယ်မြေကွင်းဆင်းမှုတွေမှာ အခုလို တားဆီးခံရတာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စတွေကိုတော့ ကိုယ်စားလှယ်တွေအနေနဲ့ မှတ်တမ်းရယူထားရှိပြီး လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ ပြည်သူ့ကရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ပြည်သူနဲ့ တွေ့ဆုံခွင့် မပေးတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ကိုယ်စားလှယ်တွေက ပြောဆိုခဲ့ပါသေးတယ်။

error: Content is protected !!