Home > သတင်း > ကျန်းမာရေး > ကသာခရိုင်တွင် သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

ကသာခရိုင်တွင် သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းမှာရှိတဲ့ စျေးကွက်က သိမ်းဆည်းထားတဲ့ ကာလတန်ဖိုးငွေကျပ် ၆၂ သိန်းကျော်ရှိ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းတွေကို ၂၀၂၀ ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မန်စီကျေးရွာသွား လမ်းဘေးရှိ အမှိုက်ကျင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သိရပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းတွေက ၂၀၂၀ ခုနှစ်၊ ဇွန်လ ပထမအပတ်ကစတင်ပြီး ဒီဇင်ဘာလအထိ အလှကုန် တန်ဖိုး ငွေကျပ် ၂၁၉၁၀၀၊ အစားအသောက်တန်ဖိုးငွေကျပ် ၆၃၀၈၀၀၊ ဆေးဝါးတန်ဖိုးငွေကျပ် ၅၄၂၃၃၂၇ စုစုပေါင်းငွေကျပ် ၆၂၇၃၂၂၇ ကာလတန်ဖိုးရှိ သက်တမ်းလွန် စားသုံးရန်မသင့်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာပါ။

“အဓိကတော့ သက်တမ်းလွန်နေတဲ့အစားအသောက်တွေရှိမယ်။ ဆေးဝါးတွေ၊ အလှကုန်တွေကို ပြည်သူလူထုတွေမသုံးမိဖို့ ရည်ရွယ်တာပါ။ ဒါတွေကျွန်တော်တို့မဖျက်ဆီးနိုင်ခဲ့ဘူးဆိုရင် ပြည်သူတွေအကုန်လုံးရဲ့လက်ထဲကို ရောက်သွားမယ်။ ပြည်သူတွေ Date လွန်၊ သက်တမ်းလွန်နေတဲ့ အစားအသောက်တွေ၊ အလှကုန်၊ ဆေးဝါးတွေ မသုံးမိဖို့ အဓိက ရည်ရွယ်ချက်ပါပဲ”လို့ ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံ ဦးပြည့်စုံဝင်းက ပြောပါတယ်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ပြီး ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ပထမအကြိမ်အဖြစ် သက်တမ်းလွန် အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းတန်းဘိုး (၁၈)သိန်းကျော်ကို အခုနှစ် မေလ ၂၇ ရက်နေ့က မီးရှို့ ဖျက်စီးခဲ့ပါသေးတယ်။ မီးရှို့ဖျက်ဆီးရာမှာ ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးတို့က တက်ရောက်ခဲ့ကြတာပါ။

ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ စျေးကွက်အတွင်းက ရောင်းချနေတဲ့ သက်တမ်းလွန် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းတွေကို လိုက်လံစစ်ဆေးလျက်ရှိတယ်လို့လည်း သိရပါတယ်။ ကသာခရိုင်အတွင်း မြို့နယ် ၆ မြို့နယ်ရှိပြီး ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်တို့ပါဝင်ပါတယ်။ ကောလင်းမြို့ကိုလည်းခရိုင်မြို့အဖြစ် အဆင့်မြှင့်တင်နိုင်အောင် လုပ်ဆောင်နေပါတယ်။

error: Content is protected !!