Home > သတင်း > ကျန်းမာရေး > ခန္တီးမြို့တွင် ကွာရင်တင်း ဝင်နေသူတွေထဲက ကိုဗစ်လူနာ ၂ ဦးတွေ့ရှိ

ခန္တီးမြို့တွင် ကွာရင်တင်း ဝင်နေသူတွေထဲက ကိုဗစ်လူနာ ၂ ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က Q ဝင်သူ ၂ ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာတွေက ခန္တီးရတနာနယ်မြေကို အလုပ်လုပ်ဖို့ လာရောက်တာဖြစ်ပြီး Test Kit နဲ့ စစ်ဆေးတာကနေ တွေ့ရှိခဲ့တာပါ။

“အခုခန္တီးမြို့မှာ ပိုးတွေ့ခဲ့တာပါ။ အခုတွေ့တဲ့လူနာက အရင်တစ်ခါ ပိုးတွေ့လူနာနဲ့အတူ ကားစီးခဲ့တဲ့ လူတွေပါ။ သူတို့ကို ခန္တီးမြို့ Q စင်တာမှာ ထားရှိတဲ့လူတွေဖြစ်ပါတယ်။ အခုတစ်ခေါက်Test Kit နဲ့ ပြန်စစ်တာ အခုကိုဗစ်ပိုးတွေ့ရှိခဲ့တယ်။”လို့ ခန္တီးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါတ်တာနန်းမြတ်မြတ်မွှေးက ပြောပါတယ်။

အခုပိုးတွေ့လူနာ၂ ဦးက ဒီဇင်ဘာလ ၆ ရက်နေ့က ခန္တီးမြို့နယ် နန်းစီပွန်ဒေကို အလုပ်လုပ်ရန် လာရောက်ခဲ့ပြီး အဲဒီထဲက ၅ ဦးကို Test kit စစ်ဆေးခဲ့ရာမှာ တစ်ဦးမှာ ကိုဗစ်ပိုး တွေ့ရှိထားပါတယ်။ ကျန်တဲ့သ ၄ ဦးကို ကွာရင်တင်းစင်တာမှာ ထားရှိပြီး စောင့်ကြည့်ရင်း ထပ်မံစစ်ဆေးရာမှာ ၂ ဦးက ပိုးတွေ့ခဲ့တာပါ။ အရင်ပိုးတွေ့ထားသူကတော့ ဆေးကုသခံယူပြီး ဒီဇင်ဘာလ ၁၆ ရက်မနက်က ခန္တီးပြည်သူ့ဆေးရုံကဆင်းခဲ့ပြီလည်း ဖြစ်ပါတယ်။ ခန္တီးမြို့နယ်အတွင်း ပိုးတွေ့လူနာတွေရှိလာတဲ့အတွက်လည်း အသွားအလာတွေကို ညွှန်ကြားချက်တွေအတိုင်း ကန့်သတ်ထားကာ စောင့်ကြပ်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၁ မြို့နယ်မှာ ကိုဗစ်လူနာ ၁၂၃၂ ဦးတွေ့ရှိထားပြီး ၂၅၄ ဦးက ကုသဆဲဖြစ်ကာ စုစုပေါင်း ၆ ဦးသေဆုံးထားတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ခန္တီးမာန်

error: Content is protected !!