Home > သတင်း > ကျန်းမာရေး > ဒေသတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ပျားတောင်သူများ ပျားရည် သိုလှောင်စရာ အခက်အခဲဖြစ်နေ

ဒေသတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ပျားတောင်သူများ ပျားရည် သိုလှောင်စရာ အခက်အခဲဖြစ်နေ

မြန်မာနိုင်ငံမှာ ပျားလုပ်ငန်းအများဆုံးလုပ်ကိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဒေသတွင်း သွားလာကန့်သတ်တာတွေရှိနေပြီး ပျားရည် ဝယ်ယူတဲ့ ကုမ္ပဏီတွေက ပျားရည် ဝယ်ယူမှု မရှိတာကြောင့် ထွက်ရှိနေတဲ့ ပျားရည်တွေ သိုလှောင်စရာပင်မရှိတော့တဲ့ အခက်အခဲကြုံနေရတယ်လို့ ပျားမွေးတောင်သူတွေက ပြောပါတယ်။ စက်တင်ဘာလဆန်းပိုင်းက စတင်ကာ ပျားရည်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ရာမှ အခုလို ပျားရည်များများထွက်တဲ့ အောက်တိုဘာ ပျားရည်ထုတ်လုပ်တဲ့ရာသီမှာ ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲ သွားလာကန့်သတ်ချက်တွေကြောင့် ပျားရည်အဝယ်တော်တွေ ကွင်းဆင်း မဝယ်ယူနိုင်ဖြစ်နေတာပါ။ ဒီအတွက် ပျားရည်စျေးကွက်မှာ ကျဆင်းနေသလို ပျားပုံးချတဲ့ စိုက်ခင်းရှင်တွေကို ပျားပုံးချခ ပေးရန် အခက်အခဲ ဖြစ်လာတဲ့အပြင် ပျားရည်သိုလှောင်ဖို့ ထည့်စရာတွေပါ အခက်အခဲကြုံတွေ့နေကြရတာလို့ ဘုတလင်မြို့နယ် ပျားလုပ်ငန်း ဒုလက်ထောက်ဦးစီးမှုး ဦးနိုင်လင်းအောင်က ပြောပါတယ်။

“ဇီးပျားရည်ဆိုရင် ၉ လပိုင်းဆိုရင် ဘုတလင်မြို့နယ် ၊ဒီပဲယင်းမြို့ ပတ်ဝန်းကျင် ပျားသမားပေါင်း ၆၅ ဦး ပျားအုံးပေါင်း ၁၈၀၀၀ ချထားပါတယ်။ ပျမ်းမျှပျားအုံ ၃၀၀ လောက်ချထားရင် ၇ ရက်ခြားတစ်ကြိမ်ကို ဂါလံ ၅၀ ဆံ့ ၅ ပေပါလောက်ရပါတယ်။ စျေးကွက်ကလည်း မကောင်း၊ သယ်ယူပို့ဆောင်ရေးကလည်း မကောင်းတော့ ပျားသမားတွေက ပျားရည်ကလည်းမရောင်းရတော့ လက်ရှိမှာ ပျားပုံးချတဲ့ခြံတွေကို ပုံးချခပေးပို့ တော်တော်ဒုက္ခရောက်နေတယ်။ လက်ရှိမှာ စားဝတ်နေရေးလည်း အဆင်မပြေကြတော့ဘူး။ ပျားအုံတွေ ရွေ့ပြောင်းဖို့လည်း ဒုက္ခရောက်နေပါတယ်။ ဒီလကုန်ရင် တောင်ပေါ်ကို ရွေ့ပြောင်းရတော့မယ်။ နိုင်ငံတကာမှာတော့ ပျားသမားနဲ့ စိုက်ခင်းသမားတွေမှာ စိုက်ခင်းပိုင်ရှင်က ပျားသမားကို ပိုက်ဆံပေးခေါ်ရတာပါ။ မြန်မာပြည်မှာတော့ ပြောင်းပြန်ဖြစ်နေတယ်။ ဘုတလင် ဒေသမှာတော့ ဇီးစိုက်ခင်းတွေ မှာ အများဆုံးချပါတယ်။ လက်ရှိပျား အုံတစ်အုံကို ကျပ် ၁၀၀၀-၁၅၀၀ လောက်ပေးနေရတယ်။ လက်ရှိစျေးကွက်မကောင်း ပျားရည် မရောင်းရတော့ ခြံသမားတွေကို ပေးဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်။ ”လို့  ဘုတလင်မြို့နယ် ပျားလုပ်ငန်း ဒုလက်ထောက်ဦးစီးမှုး ဦးနိုင်လင်းအောင်က ပြောပါတယ်။

ဒါ့အပြင် ဒေသတွင်းမှာ ပျားရည် အဝယ်မရှိတာကြောင့် သိုလှောင်စရာပင်မရှိသလို စျေးကွက် ကျဆင်းဝယ်သူမရှိတာကြောင့်လည်း နောက်ထပ်ပြောင်းရွေ့လုပ်ကိုင်ရမယ့် အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ ပျားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ အရင်က ပျားရည် တစ်ပိသာ ကျပ် ၂၅၀၀-၃၀၀၀ ရောင်းချရပေမယ့် လက်ရှိမှာ ကျပ် ၁၇၀၀-၁၈၀၀ ကို ဝယ်ယူသူမရှိဖြစ်နေတာပါ။

“ဝယ်သူစျေးကွက်ပဲဖြစ်နေတယ်။ ပျားရည်ထွက်သလောက်ဝယ်ယူမယ့်သူမရှိဖြစ်နေတယ်။ အရင်က ပျားစခန်းကိုတွေကို ကားဖင်ထိုးလာဝယ်နေတာကနေ အခုဝယ်တဲ့သူဆီ အလှည့်ကျ တန်းစီပြီး ခခယယ သွားရောင်းနေရတယ်။ ကုမ္ပဏီတွေက ဝယ်ပေးနိုင်ရင် ပျားသမားတွေ အတွက်ထည့်စရာလည်း အဆင်ပြေသွားမယ်။ နောက်ရွှေ့ပြောင်းဖို့လည်း စရိတ်အဆင်ပြေသွားပါမယ်။ ပျားဌာနအနေနဲ့ကလည်း အများကြီးဝယ်မပေးနိုင်ဘူး။ ကြီးကြပ်ပေးတာပဲ လုပ်ပေးနိုင်တာပါ။ လက်ရှိမှာတော့ ပျားတောင်သူအများစု အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ပုံမှန်ဆိုရင်တော့ အဝယ်တော်တွေ လွှတ်ပြီးဝယ်နေတာဆို အဆင်ပြေနေရာကနေ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့်သွားလာမှုကန့်သက်တွေ ကြောင့် အဝယ်တော် မလွှတ်နိုင်ဘူး။ ပျားရည်သန့်စင်စက်ရုံကလည်း ပိတ်ထားတော့ ရှိတော့ အခက်အခဲဖြစ်နေတာပါ။ ကနီ၊ ဘုတလင်၊ ဒီပဲယင်းနယ်အတွင်းမှာ စိုက်ခင်းခြံရှင်ကို ရွာရန်ပုံငွေအတွက် နဲ့ စိုက်ခင်းနား ပျားပုံးချခ အတွက် ပျားတစ်ပုံးလျှင်ကျပ် ၂၀၀၀-၂၅၀၀-၃၀၀၀ ထိ ပေးရပါတယ်။ လက်ရှိမှာ ပျားစျေးကွက် မကောင်းတော့ ခြံကြေးပေးဖို့ အခက်အခဲနဲ့ ရွေးပြောင်းစရိတ်တွေ အတွက် အခက်အခဲဖြစ်နေပါတယ်။”လို့ ဘုတလင်မြို့နယ် ပျားလုပ်ငန်းဦးစီးမှူး ဦးညွန့်ဝင်းက ပြောပါတယ်။

ပျားပုံးချတဲ့ခြံတွေမှာ ခြံရှင်တွေကို အခကြေးငွေပေးပေမယ့် တချို့မလိုလားသူတွေက ပျာပုံးတွေကို ပိုးသတ်ဆေးအဖျန်းခံရတာတွေလည်း ရှိနေပါတယ်။ ကနီမြို့နယ်၊ ချောင်းမ အနောက်ရွာမှာ ပျားအုံ ၂၈၀ ကျော် ပိုးသတ်ဆေးဖြန်းခံလိုက်ရတာကြောင့် ပျားတွေ သေကုန်တဲ့အတွက် အမှုဖွင့်ထားတာလည်း ရှိတယ်လို့ သိရပါတယ်။ ပျားတောင်သူတွေအနေနဲ့ ကိုဗစ်ကာလအတွင်း အဆင်ပြေပြေရွေ့ပြောင်းနိုင်ရေးအတွက် ကုမ္ပဏီတွေကလည်း ပြန်ဝယ်မှသာ သိုလှောင်စရာနှင့် ပြောင်းရွှေ့စရိတ်၊ နေရာငှားရမ်းစရိတ်၊ အလုပ်သမားစရိတ် စတာတွေ ရရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပျားရည်နှင့် ပျားထွက်ပစ္စည်းတွေကို အသုံးပြုကာ နိုင်ငံတော်စီးပွားရေး လုပ်ငန်းတွေ အထောက်အကူပြုရန် စတဲ့ ရည်ရွယ် ချက် (၆) ချက်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျားရည်ထုတ်လုပ်မှု ၇၅ ရာခိုင်းနှုန်းကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ ထုတ်လုပ်ပြီး အဓိက ဇီးခြံတွေက ဇီးပျားကို အများဆုံးရရှိကာ လဲမှိုသရက် ပျားရည်၊ နှမ်း၊ နေကြာပျားရည်တွေလည်း ထုတ်လုပ်ကာ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချတာဖြစ်ပါတယ်။

ရွှေနွယ်ကြိုး

error: Content is protected !!