စစ်ကိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ကျွဲနွားတွေမှာ ဖြစ်တတ်တဲ့ ကိုယ်ရေးပြားရောဂါပိုးတစ်မျိုး ကျရောက်နေပြီး သေဆုံးတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရောဂါက ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ကာ ရောဂါအတိအကျကိုတော့ ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်လို့ အတိအကျမသိရသေးဘူးလို့ တိုင်းတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။ ရောဂါကြောင့် ကျွဲနွားသေဆုံးမှုတွေ ရှိပေမယ့် လူကို ကူးစက်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။
“တချို့မြို့နယ်တွေဖြစ်တယ်။ ဓာတ်ခွဲခန်းပို့ပြီး အဖြေစောင့်နေတာပေါ့။ အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease) လို့ခေါ်တာပေါ့။ သေနှုန်းကတော့ ၁၀ ကောင်မှာ ၁ ကောင်လောက်တော့ ရှိတယ်။ မြို့နယ်ဦးစီးမှူးတွေလည်း ကွင်းဆင်းဆောင်ရွက်နေတယ်။ ခွဲခန်းပို့ပြီး ဓာတ်ခွဲခန်းအဖြေလည်း ယူနေတယ်။ သေတဲ့အသားကိုစားရင်လည်း လူကို ကူးစက်ခြင်းမရှိပါဘူး။ လောလောဆယ် လက်ကမ်းစာစောင်တွေနဲ့ ဖြန့်ဝေ ပညာပေးနေတယ်။ ဓာတ်ခွဲခန်းအဖြေရရင်တော့ တိတိကျကျ ပြောလို့ရတာပေါ့။ အရေးကြီး ကူးစက်ရောဂါတွေတော့ မဟုတ်ဘူးပေါ့ဗျာ။”လို့ တိုင်းတိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ မြင့်စိုးက ပြောပါတယ်။
လောလောဆယ်မှာတော့ စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ တန့်ဆည်၊ အင်းတော်နှင့် မော်လိုက်မြို့နယ်တွေမှာ ရောဂါဖြစ်ပွားမှု တွေ့ရှိနေရပြီး မော်လိုက်မြို့နယ်မှာတော့ ကျေးရွာနှစ်ရွာမှာ အကောင်ရေ ၃၀ လောက်ဖြစ်ပွားနေကာ တစ်ကောင်သေဆုံးထားပါတယ်။
“နွားကတော့ အထီးအမ အရွယ်စုံဖြစ်တာ တွေ့ရတယ်။ အခုသေဆုံးတာက ခိုင်းနွားတစ်ကောင်သေသွားပြီ။ နောက်ထပ်လည်း အခြေအနေမကောင်းတာ တစ်ကောင်ရှိနေတယ်။ အရင်က ဒါမျိုးမတွေ့ဖူးဘူးပေါ့။ ရာသီဉတုမကိုက်လို့ အပူဖုပေါက်တာ။ ကျောပြင်က သိပ်မပေါက်ဘူး။ ကျော်ကလွဲရင် တစ်ကိုယ်လုံးဘုပေါက်တာ။ ပျားတုပ်ခံထားရလိုပေါ့။”လို့ မော်လိုက်မြို့နယ်၊ ဇီးခုံအုပ်စုဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မောက်လိုက်မြို့နယ်အတွင်း ဇီးခုံ၊ အင်းတပေါင်း စတဲ့ကျေးရွာတွေမှာ ဖြစ်ပေါ်နေတာပါ။ သက်ဆိုင်ရာဌာနကတော့ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်နေပြီး ကာကွယ်ဆေးရရှိရေးလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဦးစီးဌာနရဲ့ လက်ကမ်းစာစောင်ဖော်ပြချက်အရတော့ ထိရောက်တဲ့ ကုသဆေးမရှိသေးဘူးလို့ သိရပါတယ်။ လတ်တလောမှာတော့ ရောဂါပိုးကူးစက်ခံရတဲ့ တိရစ္ဆာန်ကို သီးသန့်ထားတာ၊ နေရာတွေကို ဆေးဖျန်းတာ၊ ကာကွယ်ဆေးထိုးတာတွေပဲ လုပ်ဆောင်နိုင်တာပါ။ ဒီရောဂါကိုတော့ ၁၉၂၉ ခုနှစ်မှာ ဇမ်ဘီယာနိုင်ငံကနေ စတင်တွေ့ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေမှာ စတင်တွေ့ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ မှက်၊ ခြင်၊ ယင်တို့ကတဆင့်လည်း ကူးစက်နိုင်တယ်လို့ လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)