Home > သတင်း > တိုင်းရင်းသားကဏ္ဍ > နာဂဒေသတွင် ကျွဲတွေ အမည်မသိရောဂါကြောင့် ၆ လတာကာအတွင်း အကောင်ရေ ၁၇၀ ဝန်းကျင်ထိ သေဆုံးမှုရှိနေ

နာဂဒေသတွင် ကျွဲတွေ အမည်မသိရောဂါကြောင့် ၆ လတာကာအတွင်း အကောင်ရေ ၁၇၀ ဝန်းကျင်ထိ သေဆုံးမှုရှိနေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ အမည်မသိရောဂါကြောင့် မတ်လကနေ ဒီနေ့ထိ ၆ လတာကာလအတွင်း ကျွဲအကောင်ရေ ၁၇၀ ဝန်းကျင်ထိ သေဆုံးနေတယ်လို့ နာဂဦးစီးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ဒေသခံတွေကတော့ လည်ချောင်းကွဲရောဂါလို့ ယူဆထားကြပါတယ်။ ဒါပေမယ့် တိကျတဲ့ အဖြေတော့ မရရှိသေးပါဘူး။

“အရင်တုန်းက ၄၊ ၅ နှစ်ကတည်းက စနေပြီ။ ရွာတွေပိုပြီးပျံ့သွားတာတော့ ဒီနှစ်မှပါ။ ဘာကြောင့်လဲဆိုတာတော့ ပညာရှင်မဟုတ်တော့ အတိအကျတော့ မသိဘူး။ ဒါပေမယ့် ခန့်မှန်းရတာကတော့ သိသလောက်ကတော့ နယ်က ဆက်စပ်နေတယ်။ ရေကလည်း ချောင်းရေတွေပဲ တောက်လျှောက် တောင်ပေါ်ကနေ ဆင်းလာတယ်။ အထက်ကနေ ရောဂါဖြစ်ရင် အောက်ကို တောက်လျှောက်သွားနေတဲ့အခါကျတော့ အဲဒီချောင်းရဲ့ ချောင်းရိုးတလျှောက်မှာ ဖြစ်နေတဲ့သဘောတွေ့ရတော့ ရေကြောင့်လဲ ဆိုင်မလားပေါ့။ သဘာဝကြောင့်လဲဆိုင်မယ်လို့ အဲလိုလည်း ယူဆပါတယ်။”လို့ လေရှီးမြို့နယ်ကိုယ်စားလှယ် ဦးရိထင်က ပြောပါတယ်။

ကျွဲတွေသေဆုံးနေတာ ကြာနေပြီဖြစ်တာကြောင့် ဒီထက် အခြေအနေဆိုးသွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ နေ့စဉ်ရက်ဆက် သေဆုံးတာမျိုးမဟုတ်ပေမယ့် ၁ ပတ်ကို ၂ ကောင်၊ ၃ ကောင်စသဖြင့် သေဆုံးတာတွေရှိနေတာပါ။ နာဂဒေသက တောင်ပေါ်ဒေသဖြစ်တာကြောင့် တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုသာ အဓိကအားထားနေရတာဖြစ်ပါတယ်။ ကျွဲသေတွေကတဆင့် တခြားလူနှင့် တိရစ္ဆာန်တွေကိုတော့ ကူးစက်မှုမရှိသေးပါဘူး။ ဆုံးရှုံးနစ်နာမှုရှိတဲ့ ပြည်သူတွေအတွက် နိုင်ငံတော်က ထောက်ပံ့ကြေးရရှိအောင် တင်ပြထားတယ်လို့လည်း ကိုယ်စားလှယ်က ပြောပါတယ်။ လက်ရှိမှာတော့ ဘာကြောင့် သေဆုံးရတယ်ဆိုတာကို ဓာတ်ခွဲနမူနာရယူကာ ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

error: Content is protected !!