စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဒီကနေ့ ဩဂုတ်လ(၁၈)ရက် နေ့လည်ပိုင်းကထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ခန္တီးမြို့ရဲ့ ချင်းတွင်းမြစ်စိုးရိမ်ရေမှတ်ဟာ (၁၃၆၀) စင်တီမီတာဖြစ်ပြီး လက်ရှိအချိန်မှာ (၁၃၆၅) စင်တီမီတာအထိ ရောက်ရှိနေတဲ့အတွက် စိုးရိမ်ရေမှတ်ထက် (၅) စင်တီမီတာကျော်လွန် ရောက်ရှိနေတာပါ။ ဟုမ္မလင်းမြို့ရဲ့ ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်ဟာလည်း (၂၉၀၀) စင်တီမီတာသတ်မှတ်ထားတာဖြစ်ပြီး လက်ရှိ (၂၉၂၇) စင်တီမီတာအထိ ရောက်ရှိနေတာကြောင့် စိုးရိမ်ရေမှတ်ထက် (၂၇) စင်တင်မီတာကျော်လွန်နေတာ ဖြစ်ပါတယ်။ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်ကတော့ (၁၃၂၅) စင်တီမီတာဖြစ်ပြီး လက်ရှိမှာ (၁၃၅၁) ကိုရောက်ရှိနေတာကြောင့် (၂၆)စင်တီမီတာ ကျော်လွန်နေပါတယ်။ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေတဲ့ ဒေသတွေက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတစ်ချို့မှာ မြစ်ရေ၀င်ရောက်နေပြီဖြစ်တယ်လို့ ခန္တီးဒေသခံတစ်ဦးက ပြောပါတယ်။
“ခန္တီးမြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ မနေ့ကတည်း မြစ်ရေ၀င်နေတာ့ပါ။ မြို့ပေါ်မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာတော့ ဒီနေ့စပြီး ရေ၀င်လာပါတယ်။ မြစ်ရေကတော့တိုးနေတုန်းပဲ။ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းတွေတော့ ။”လို့ ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတုန်းကလည်း ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ခန္တီး၊ မင်းကင်းနှင့် ဆားလင်းကြီးစတဲ့ မြို့နယ် (၃)ခုမှာ ရေဘေးသင့်ပြည်သူ (၆၀၀) နီးပါးရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှတ်တမ်းတွေအရ သိရပါတယ်။