Home > သတင်း > ဒေသတွင်းသတင်း > မင်းကင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရနှင့် NLDကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရပ်ရွာအတွင်း လှည့်လည် အော်ဟစ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား တရားစွဲဆို

မင်းကင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရနှင့် NLDကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရပ်ရွာအတွင်း လှည့်လည် အော်ဟစ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား တရားစွဲဆို

နိုင်ငံတော်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရည်ရွယ်ကာ ညစ်ညမ်းတဲ့ စကားလုံးတွေသုံးပြီး ရပ်ရွာထဲ လှည့်လည် အော်ဟစ်ခဲ့တဲ့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို မင်းကင်းမြို့နယ် NLD ပါတီကနေ မောက္ကတော်နယ်မြေရဲစခန်းမှာ ဩဂုတ်လ ၁၈ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ဘိုင်အုပ်စု၊ မြေခြားကျေးရွာနေ ကျော်ဇင်ဝင်း ဆိုသူက ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်းမှာ မြေခြားကျေးရွာအတွင်း လှည့်လည်ကာ “ငါ..မ ခွမ်ဒေါင်းအစိုးရ၊ ငါ…မ ခွပ်ဒေါင်း မဲပေးတဲ့ဟာတွေ၊ ငါ…မ NLD အစိုးရ၊ ငါ…မ ခွပ်ဒေါင်းပါတီ၊ မင်းတို့ NLD အစိုးရလက်ထက်မှာ ဘာတွေတိုးတက်လဲ” စသဖြင့် ဆဲဆိုခဲ့လို့ တရားစွဲဆိုတာဖြစ်တယ်လို့ NLD ပါတီ တာဝန်ရှိသူက ပြောပါတယ်။

“ပါတီစုံ ဒီမိုကရေစီ စံနစ်ကိုသွားတဲ့လမ်းကြောင်းမှာ ပါတီတစ်ခုနဲ့ တစ်ခုကြား ခိုက်ရန်ဖြစ်ကြတယ်ဆိုတဲ့ အစဥ်အလာကို ချေဖျက်ချင်တယ်။ ဥပဒေရဲ့ အကာအကွယ်ကို လူတိုင်းခံစားရစေချင်တယ်။ အမုန်းတရားနဲ့ ကျွန်မတို့ဆောင်ရွက်ခြင်း အလျဥ်းမရှိပါဘူး။” လို့ မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဒေါ်ခင်မွှေးလွင်က ပြောပါတယ်။

အခုလို တရားစွဲဆိုတာမျိုး လုပ်သင့် မလုပ်သင့်ကိုလည်း တစ်ဦးတစ်ယောက်ထဲက ဆုံးဖြတ်တာမဟုတ်ဘဲ ပါတီတွင်း အရေးပေါ်အစည်းအဝေးထိုင်ပြီး အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ တရားစွဲဆိုခဲ့တာလို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မင်းကင်းမြို့နယ် မောက္ကတော်နယ်မြေရဲစခန်းက (ပ)၉၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၅(ခ) တို့နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

error: Content is protected !!