Home > သတင်း > စစ်ရေး > တီးတိန်မြို့နယ် ကနေဒီတောင် စခန်းကို စစ်တပ်က ပြန်သိမ်းပိုက်

တီးတိန်မြို့နယ် ကနေဒီတောင် စခန်းကို စစ်တပ်က ပြန်သိမ်းပိုက်

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်စခန်းကို မေ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်လွတ်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သိုင်းငင်းနဲ့ တီးတိန်မြို့ကြားမှာ မေ ၂ ရက်နေ့ကစလို့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းနဲ့ ဒေသခံချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေ ၅ ရက်နေ့မှာ ကနေဒီတောင်စခန်းကို စစ်တပ်က ပြန်လည်​ခြေချနိုင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်နယ်လေကြောင်း စောင့်ကြည့်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
သိုင်းငင်းနဲ့ တီးတိန်ကြား တိုက်ပွဲတွေမှာချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
ပေရှစ်ထောင်ဝန်းကျင်မြင့်တဲ့ ကနေဒီတောင်ဟာ စစ်ရေးအရ ဗျုဟာကျတဲ့ နေရာတစ်ခုဖြစ်ပြီး တီးတိန်မြို့ကိုရော၊ ကလေးမြို့ကိုပါ တောင်ပေါ်ကနေ မြင်တွေ့နေရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကုန်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ အပြန်အလှန်သိမ်းပိုက်ခဲ့ကြတာ အခုအကြိမ်ရောဆို လေးကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ကစ အင်အားထောင်ချီစစ်ကြောင်းထိုးခဲ့တာပါ။
တီးတိန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့သလို ဖလမ်းနဲ့ ဟားခါးကြားမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
၂၀၂၆ ဧပြီ ၂၅ ရက်နေ့မှာ ချင်းညီနောင်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီး လက်ရှိအချိန် ဖလမ်း – ဟားခါးလမ်းကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

error: Content is protected !!