ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာမှာ မေ ၁ ရက်နေ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေး ၆ ဦးနဲ့ လူငယ် ၁ ဦးရဲ့ ရုပ်အလောင်းတွေကို မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
မေ ၁ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ်ရွာ ဘော်လီဘောကွင်းကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် ငါးလသားအရွယ် ကလေး ၁ ဦး၊ သုံးနှစ်အရွယ် ကလေး ၁ ဦး၊ လေးနှစ်အရွယ် ကလေး ၁ ဦး၊ ငါးနှစ်အရွယ်ကလေး ၂ ဦး၊ ဆယ်နှစ်အရွယ် ကလေး ၁ ဦးနှင့် အသက် နှစ်ဆယ့်ကိုးနှစ်အရွယ် လူငယ် ၁ ဦးတို့ သေဆုံးခဲ့တာပါ။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသူတွေဟာ အမျိုးသားတွေကြီးပဲဖြစ်ပြီး သေဆုံးတဲ့ကလေးတွေထဲက ၃ ဦးနဲ့ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် လူငယ်တို့ဟာ သားအဖတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေရဲ့ ဈာပနဝတ်အခမ်းအနားကို ဒေသခံအများအပြားတက်ရောက်ခဲ့ပြီး သေဆုံးသူတွေအတွက် နောက်ဆုံးဂါရဝပြုကာအုတ်ဂူသွင်းခြင်းများကို လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။






