စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆည်အင်းရွာကို စစ်ကော်မရှင်တပ်က ဧပြီလ ၃ ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီပဲယင်းမြို့နယ်နဲ့ရွှေဘိုမြို့နယ်အစပ်က ဆည်အင်းရွာကို ဂျက်ဖိုက်တာ ၃ စီးနဲ့ အပြန်ပြန်အလှန်လှန် လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးတာ ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
“အဲဒီရွာမှာ ဘာမှရှိတယ်လို့တော့ အသံမကြားမိဘူး ။ စစ်တပ်က ဘာသတင်းရလို့လည်းတော့မသိဘူး ။ ရွာခံခုနှစ်ဦး ထိခိုက်တာရှိတယ်။ လောလောဆယ် သေဆုံးတာတော့မရှိဘူး ။ လူနေအိမ်တွေပျက်စီးတာလည်းရှိတယ် “လို့ ဒီပဲယင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ တန့်ဆည် ၊ ခင်ဦး ၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အတွင်းက နေရာအချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ခတ်စိပ်စိပ်လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး ၊ ဗန်းမောက် ၊ ထီးချိုင့် ၊ ကသာ စတဲ့မြို့နယ်တွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲက ပုလဲ ၊ ယင်းမာပင် ၊ ဗန်းမောက် ၊ ကသာနဲ့ ထီးချိုင့်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ( PDF ) တွေအကြား နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့လည်း သိရပါတယ်။






