စစ်ကိုင်းတိုင်း၊ ကလေးတမူးလမ်းပေါ်က ကျေးရွာအချို့က ပြည်သူတွေ စစ်တပ်စစ်ကြောင်းကြား ပိတ်မိနေပြီး သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှုတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စစ်ကြောင်းလာတာကို မရှောင်လို့ ဖြစ်ရတာတွေပါ။ စစ်တပ်က ဖမ်းထားတဲ့သူတွေရှိတယ်။ ဖမ်းထားတဲ့ထဲက ခမ်းပတ်က အမျိုးသားတစ်ယောက် အသတ်ခံရတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ အခြေအနေတွေရှုပ်ထွေးနေတော့ အဖြစ်အပျက်တွေကို မသိနိုင်သေးဘူးဖြစ်နေတယ်” လို့ စစ်ဘေးရှောင်နေတဲ့ ခ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ခမ်းပတ်မြို့တိုက်ပွဲမှာ ပိတ်မိနေတဲ့ အသက်ငါးဆယ်ဝန်းကျင် အမျိုးသား ဦးအာလ်းလမ်းပေါင် ကို စစ်တပ်က ဇွန် ၂၃ ရက်နေ့က ဖမ်းဆီးသွားပြီး ဇွန် ၂၆ ရက်နေ့မှာ သူ့ရုပ်အလောင်းကို တွေ့ခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကလည်း ကလေးမြို့နယ် ၊ ပြည်တော်သာကျေးရွာနေ စစ်ဘေးရှောင်ကြတဲ့ ချင်းလူမျိုး လင်မယား (၂) ဦးဟာ စစ်ကြောင်းနဲ့တိုးပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။
“သူတို့က တမူးဘက်ကို စစ်ရှောင်လာတာမှာ စစ်ကြောင်းနဲ့တိုးပြီး သတ်ခံရတာပါ” လို့ တမူးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ကလး – တမူးလမ်းကြောင်းကို စစ်ကြောင်းထိုးရာမှာ အကြမ်းဖက်လမ်းစဥ်ကို မသုံးဘူးဆိုပြီး ဝါဒဖြန့်မှုတွေပြုလုပ်နေပေမယ့် လက်တွေ့မှာတော့ သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဘယ်လိုမှ ယုံလို့မရတဲ့ဟာတွေ။ ယုံမိရင် မိအေးနှစ်ခါနာဖြစ်မယ်” လို့ ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကလေး – တမူးလမ်းမဘေးက ခုံသာကျေးရွာက အသက်သုံးဆယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနှင့် အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကိုလည်း အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေက အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုဘက်က ကွီးဆိတ် အမည်ခံ ပုဂ္ဂိုလ်တစ်ဦးက ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကလေး – တမူးလမ်းမက ခမ်းပတ်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ ကလေး – တမူးလမ်းမကြို အလုံးစုံစိုးမိုးနိုင်ခြင်းမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားနေရာကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ခမ်းပတ်မြို့ထဲက ပြည်သူ့ပစ္စည်းတွေကို စစ်တပ်က ကားတွေနဲ့တိုက်ယူနေတယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ကလေးနဲ့တမူးကြားမှာ အခြေအနေတွေရှုပ်ထွေးနေပြီး အာဏာသိမ်းစစ်တပ်က ကျူးလွန်ပြီး မသိရှိရသေးတဲ့ ဖြစ်စဥ်တွေ ရှိနေသေးတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။






