စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဘတ်ကျေးရွာ ဧပြီလ ၄ ရက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် တဦးသေဆုံး၊ ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယာဉ်လာတော့ မိသားစုလိုက် ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတာ။ ကံမကောင်းချင်တော့ ဗုံးသီးက ဗုံးခိုကျင်းနားကျရောက်ပေါက်ကွဲသွားတာ။ ကလေးတဦးသေတယ်။ ကျန်တဲ့သုံးဦးကတော့ ထိခိုက်ဒဏ်ရာရတာရှိတယ်” လို့ မြောင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မြောင်မြို့နယ် သောင်းကြီးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဉီးထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။
စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူး ၊ ဗန်းမောက် ၊ ထီးချိုင့် ၊ ကသာ စတဲ့မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
စစ်ကိုင်းတိုင်းထဲက ပုလဲ ၊ ယင်းမာပင် ၊ ဗန်းမောက် ၊ ကသာနဲ့ ထီးချိုင့်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ပုံအညွှန်း – မြောင်မြို့နယ် သောင်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရပြီး မီးလောင်နေမှုမြင်ကွင်း။(Photo အမေ့သား – Air Information -ပုံဟောင်း)






