Home > သတင်း > တရားဉပဒေစိုးမိုးရေး > ယာဥ်စည်းကမ်းဖောက်ဖျက်လို့ ဖမ်းဆီးမှုနှင့်ပေါ်တာဆွဲဖမ်းဆီးမှု တပြိုင်တည်းပြုလုပ်ခံရမှာကို ကလေးမြို့ခံတွေ စိုးရိမ်

ယာဥ်စည်းကမ်းဖောက်ဖျက်လို့ ဖမ်းဆီးမှုနှင့်ပေါ်တာဆွဲဖမ်းဆီးမှု တပြိုင်တည်းပြုလုပ်ခံရမှာကို ကလေးမြို့ခံတွေ စိုးရိမ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဧပြီ ၁ ရက်နေ့ကစလို့ လမ်းပေါ်သွားလာတဲ့ ယာဥ်တွေကို “စုံမ” စနစ် စတင်အကောင်အထည်ဖော်ခဲ့ပြီး စစ်တပ်နဲ့ ယာဥ်ထိန်းရဲတွေက လမ်းပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။

“ဧပရယ်တစ်ရက်နေ့ကတော့ လမ်းပေါ်မှာစစ်ဆေးဖို့ အဆင်သင့်စောင့်နေကြတယ်။ လမ်းဆုံးမှာလည်း စည်းကမ်းတွေကို လော်နဲ့အော်တယ်” လို့ ဧပြီ ၁ ရက်နေ့အခြေအနေကို ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လောင်စာဆီချွေတာရေးအနေနဲ့ စစ်တပ်က မြို့ပေါ်တွေမှာ “မ”ဂဏန်းရက်တွေမှာ ယာဥ်လိုင်စဥ်ရဲ့ နောက်ဆုံးနံပါတ် “မ” ဏန်းရှိတဲ့ ယာဥ်တွေသာ သွားလာခွင့်ပြုပြီး “စုံ” ဂဏန်းရက်တွေမှာတော့ ယာဥ်လိုင်စဥ်နောက်ဆုံးနံပါတ် “စုံ” ဂဏန်းရှိသူတွေသာ သွားလာခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ယာဥ်နံပါတ်အရှေ့မှာ အက္ခာရာနဲ့ ဂဏန်းတစ်လုံးပါတဲ့ ယာဥ်တွေကိုတော့ အက္ခာနဲ့တွဲနေတဲ့ ဂဏန်းကိုသာ စုံမ အဖြစ် ယူတယ်လို့လည်း သိရပါတယ်။

လောင်စာဆီချွေတာရေးအတွက် စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့တိုင်း ရုံးပိတ်ပြီး အိမ်မှာ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေရုံးပိတ်တဲ့ ရက်မှာ မြို့ထဲသွားလာရင် ပေါ်တာဆွဲခံရမှာကြောင့် ဗုဒ္ဓဟူးနေ့မှာ မြို့ထဲကို လူငယ်တွေသွားလာတာ မရှိသလောက်ပဲလို့ ဒေသခံတွေဆီက သိရပါတယ်။

“ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကတော့ “စုံမ” စစ်မှာကဖြစ်ပြန်၊ ဗုဒ္ဓဟူးနေ့လည်းဖြစ်ပြန်နဲ့ ဘယ်သူမှကို မထွက်ကြဘူး။ မနက်စောစော.လမ်းဘေးစျေးသည်တွေကစ စျေးရောင်းမလာကြဘူး။ တမြို့လုံးခြောက်သွေ့နေတာပဲ” လို့ အသက်ငါးဆယ်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

NLD အစိုးရလက်ထက်က ယာဥ်စည်းကမ်းဖောက်ဖျက်မိရင်လည်း ဖမ်းဆီးခံရတဲ့ ယာဥ်ကိုထားခဲ့ပြီး တရားရုံးကိုသွား ဒဏ်ဆောင်၊ တရားရုံးကပြေစာကိုပြပြီး ယာဥ်ကို ပြန်ရွေးယူလို့ရပေမယ့် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးမိခဲ့ရင် ဒဏ်ကြေးက သူတို့ပါးစပ်ထဲမှာရှိပြီး လူပါမလွတ်မြောက်နိုင်တဲ့ အခြေအနေရှိနေတာဖြစ်တယ်လို့ နောက်ထပ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဓိက ကတော့ အရွယ်ကောင်းယောကျ်ားလေးတွေကို ယာဥ်စည်းကမ်းနဲ့ဖမ်းမိရင် တစ်ခါတည်းပေါ်တာဆွဲသွားမှာကို စိုးရိမ်ကြတာ။ အဲ့လိုဆို မလွယ်တော့ဘူး။ သိန်းဆယ်ချီကုန်မှာ” လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ဝမ်းကွဲမောင်တစ်ယောက်ဟာ မြို့ထဲမှာ ဆိုင်ကယ်စီးနေရင်း ဦးထုပ်လိုင်စင်မပါလို့ ဖမ်းဆီးခံရရာကနေ ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရပြီး ပိုက်ဆံနဲ့ပြန်ရွေးယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကလေးမြို့ဟာ စစ်တပ်ရဲ့ ဒေသကွပ်ကဲရေးစစ်ရုံးချုပ်တည်ရှိတဲ့ မြို့ဖြစ်ပြီး စစ်မှုဥပဒေ ပြဌာန်းပြီးကတည်းက ဒေသခံလူငယ် တစ်ထောင်ဝန်းကျင် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း ကလေးမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အပါအဝင် ဒေသတွင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။

မတ်လ ၃၁ ရက်နေ့ကလည်း ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်၊ နေကြာတိုက်နားမှား ဆိုင်ကယ်စီးလာတဲ့လူငယ် ၅ ဦးနဲ့ တံတာဦးရပ်ကွက် မင်းကြီးဟိုတယ်ရှေ့မှာ လူငယ် ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိအချိန်မှာ ယာဥ်လိုင်စင်၊ ဦးထုပ်တွေအပြင် ” စုံမ” စနစ်တွေပါ တိုးလာတာကြောင့် စစ်တပ်ဟာ လူငယ်တွေကို ယာဥ်စီးကမ်းဖမ်းဆီးတာနှင့် ပေါ်တာဆွဲဖမ်းဆီးတာ တပြိုင်နက်လုပ်ဆောင်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

“ကျနော်ကတော့ အမေမပါရင် မြို့ထဲ ဘယ်မှကိုမသွားရတာ နှစ်နှစ်ရှိပြီ။ မိဘတွေက စိုးရိမ်တယ်။ဖမ်းမိပြီးရင် ကျနော်တို့အရွယ်တွေဆို ပေါ်တာတန်းဆွဲသွားမှာ ကြောက်တယ်” လို့ ကလေးမြို့ ဆယ်ကျော်သက် လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဧပြီ ၁ ရက်နေ့ကနေ ဒီကနေ့အထိ စစ်တပ်က လမ်းပေါ်နေရာတော်တော်များများမှာ စစ်ဆေးနေတာကြောင့် မိမိရဲ့ ယာဥ်နံပါတ် သွားလာခွင့်ရတဲ့ နေ့ဟုတ်မဟုတ် သေချာစစ်ဆေးကြဖို့နဲ့ အရေးပေါ်ကိစ္စကလွဲရင် အပြင်ကိုမထွက်ကြဖို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်သတိပေးထားပါတယ်။

(Photo – လူမှုကွန်ယက်)ပုံစာ – ဧပြီ ၁ ရက်နေ့က စုံမ စနစ်ကြောင့် စိုးရိမ်ပြီး ကလေးမြို့ဗိုလ်ချုပ်လမ်းမကြီး လူသူကင်းမဲ့နေ။

error: Content is protected !!