စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အရှေ့တောင်ခြမ်းညောင်ပင်သာကျေးရွာအနီးက အရပ်ဖက်ယာယီဆေးရုံကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၂ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ် ၅စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ငွေကြေးမတတ်နိုင်တဲ့ ဒေသတွင်းမှာရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေ နဲ့လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေး အခက်အခဲတွေကြောင့် မုံရွာမြို့ပေါ်ကို ဆေးကုသမှုသွားဖို့ အဆင်မပြေသူတွေကို ဆေးကုသမှုပေးနေတဲ့ ယာယီဆေးရုံကို အာဏာသိမ်းစစ်တပ်က ဗုံးသီး (၁၂)လုံးကြဲချပြီး ဖျက်စီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“လူထိခိုက်တာတော့ မရှိဘူး၊ စစ်တပ်က ဆေးရုံဆေးခန်းတွေ လေယာဉ်နဲ့ ချနေလို့ နေရာရွေ့ပေးထားတာ၊ ပြီးတော့ လေကြောင်း သတင်းလည်း ရလိုက်လို့ အထိခိုက်မရှိဘူး”လို့ မုံရွာမြို့နယ် တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ညောင်ပင်သာကျေးရွာအနီးက အရပ်ဖက်ယာယီဆေးရုံကို ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းကိုလည်း ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ် ဗုံးသီချ တိုက်ခိုက်ခဲ့တဲ့
အရပ်ဖက် ယာယီဆေးရုံဟာ ဒေသတွင်းမှာရှိတဲ့ကိုယ်၀န်ဆောင်မိခင် မွေးလူနာတွေ၊ ခွဲစိတ်လူနာတွေကို အဓီကထားပြီး ကုသပေးတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
“အဓီကတော့ မွေးလူနာတွေပေါ့ ကိုယ်၀န်ဆောင်မိခင်မွေးလူနာတွေရှိတယ်၊ မြို့ပေါ်လည်းကြလည်း ငွေကြေးကအစ အကြောင်းအမျိုးမျိုးနဲ့ မသွားနိုင်ကြတဲ့ လူနာတွေ ကုပေးတဲ့နေရာ၊ အဲ့ဒီနေရာကို တည့်တည့်ချသွားတာ၊ဆေးပစ္စည်းတွေနဲ့ အဆောက်အဦးတွေ ပျက်ကုန်တာ”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ၃၀ရက်နေ့ကလည်း ဘုတလင်မြို့နယ် ငပယင်းကျေးရွာအနီးမှာ ရှိတဲ့ အရပ်ဖက်ဆေးရုံကို အာဏာသိမ်းစစ်တပ် က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် ပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
ဓာတ်ပုံ – CJ






