စက်သုံးဆီ၀ယ်ယူခွင့်နဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကော်မရှင်က ကန့်သတ်သတ်လိုက်တဲ့အတွက် အခြေခံအလုပ်သမားတွေဖြစ်ကြတဲ့ပန်းရံ၊ လက် သမားနဲ့ တခြား လက်လုပ်၊ လက်စားလူတန်းစားအများစု အခက်အခဲတွေ ကြုံတွေလာကြပါတယ်။
မုံရွာဒေသအတွင်းမှာရှိတဲ့ကြ အခြေခံအလုပ်သမားအများစုက လုပ်ငန်းခွင်ကိုသွားကြ၊လာကြရတဲ့အခါ ရန်ကုန်မြို့လို သွားလာရေးအတွက် လိုင်းကားမရှိတာကြောင့် ကိုယ်ပိုင် ဆိုင်ကယ်ကိုပဲ အားကိုးပြီး သွားလာကြရတာပါ။
အခြေခံအလုပ်သမားအများစုဟာ နေ့စဉ် စား၀တ်နေရေးအတွက် ရုန်းကန်နေကြရပြီး မဖြစ်မနေ အလုပ်သွား၊ အလုပ်ပြန်နိုင်ဖို့ လိုင်စင်မဲ့ တပတ်ရစ်ဆိုင်ကယ်လေးတွေကိုပဲ ၀ယ်ယူ အသုံးပြုနိုင်ကြတာဖြစ်ပါတယ်။
“မကိုက်တော့ဘူးလေ၊ ဆီဈေးနဲ့ ရတဲ့နေ့တွက်က၊ တနေ့မှ တစ်သောင်းခွဲ၊တစ်သောင်း ခုနှစ်ထောင်လောက်ရတာ၊ဆီက တစ်စိတ်(တစ်လီတာ)ကို တစ်သောင်း နှစ်ထောင်လောက် ပေး၀ယ်နေရတာ၊အပြင်ပေါက်ဈေးက” လို့ မုံရွာနယ်အရှေ့ခြမ်းကနေမြို့တွင်းကို ပန်းရံလာလုပ်တဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
မုံရွာဒေသတွင်းမှာ စက်သုံးဆီဆိုင်အများစုကလိုင်စင်မှတ်ပုံတင်ပြနိုင်မှသာ စက်သုံးဆီရောင်းချပေးသလို စုံ၊မရက်ခွဲပြီး ရောင်းချပေးတာလည်းရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီရောင်းချပေးရာမှာလည်း ဆိုင်တစ်ခုနဲ့ တစ်ခု ဈေးနှုန်းမတူသလို ရောင်းချပေးတဲ့နစ်နဲ့ဈေးနှုန်းသတ်မှတ်ချက်လည်း မတူကြပါဘူး။
လိုင်စင်မှတ်ပုံတင်နဲ့ ရောင်းချပေးတဲ့ စက်သုံးဆီဆိုင်တွေက ဈေးသက်သာပြီး အားလုံးကိုရောင်းပေးတဲ့ ဆီဆိုင်တွေက ဈေးပိုများတယ်လို့ သိရပါတယ်။
ဒါပေမယ့် စက်သုံးဆီ၀ယ်ယူရရှိနိုင်ဖို့ ဆီဆိုင်မဖွင့်ခင် မနက်အစောပိုင်းကတည်း တန်းစီပြီးစောင့်ဆိုင်းကြရတာကတော့ အတူတူပါပဲ။
“ပန့်ဆိုင်တွေက တစ်ဆိုင်နဲ့ တစ်ဆိုင် ရောင်းတာလည်း မတူဘူး၊ဈေးကြလည်း မတူဘူးရယ်၊တချို့ဆိုင်တွေက လိုင်စင်ပါမှ ရောင်းတာ၊တစ်ချို့ဆိုင်တွေကတော့ အကုန်ရောင်းပေးတယ်၊ ဈေးကကြ တစ်စိတ် (တစ်လီတာ) ကို နှစ်ထောင်လောက်ကွာတယ်၊ တန်းစီရတာကကြမနက် ၂ နာရီလောက်ကတည်း တချို့ ဆီဆိုင်ရှေ့ရောက်နေပြီ” လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မုံရွာဒေသတွင်းမှာ တရာ၀င်ရောင်းချပေးနေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဓာတ်ဆီတစ်လီတာကို ကျပ် ၅၀၀၀ ကနေ ၇၅၀၀ ၀န်းကျင်အထိပေါက်ဈေးအမျိုးမျိုး ရှိနေပါတယ်။
ရပ်ကွက်တွေအတွင်းမှာ တဆင့်ပြန်လည်ရောင်းချနေတဲ့ စက်သုံးဆီဆိုင်တွေမှာတော့ ဓာတ်ဆီတစ်လီတာကို ကျပ် ၁၂၀၀၀ ကနေ ၁၅၀၀၀ ၀န်းကျင်အထိရောင်းချနေကြတဲ့အတွက် တစ်ရက်လုပ်အားခ ကျပ် ၁၅၀၀၀၊၂၀၀၀၀ ၀န်းကျင်သာ ရကြတဲ့ အခြေခံ အလုပ်သမား အများစုအတွက် စား၀တ်နေရေးကအစ ကြပ်တည်းမှုဖြစ်ပေါ်လာကြပါတယ်။
“အခု ဆီဈေးနဲ့က လုပ်အားရှုံး၊ ဆိုင်ကယ် နာတာပဲ အဖတ်တင်တော့တာ၊ မလုပ်ပြန်ရင်လည်း ထိုင်ငတ်နေရုံပဲလေ၊ အဲ့ဒီကြ လုပ်လို့ရသလောက် လုပ်ကြရတာပါ့၊ စက်ဘီးစီးပြီး သွားရအောင်ကလည်း အစုတ်(စက်ဘီးဟောင်း)ကိုနှစ်သိန်းကျော်လောက်ရှိနေပြီ၊စက်ဘီးနဲ့ အလုပ်သွားဖို့ကလည်း မလွယ်ဘူး၊ စား၀တ်နေရေးကအစ ကြပ်တည်းလာတာပေါ့”လို့ မုံရွာမြို့ခံ အလုပ်သမားတစ်ဦး ကပြောပါတယ်။
ကမ္ဘာ့ အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကြောင့် စက်သုံးဆီ သယ်ယူရေး အကြပ်အတည်းဖြစ်ပေါ်နေတဲ့အတွက် ပြည်တွင်းမှာ စက်သုံးဆီချွေတာရေးနဲ့ဖူလုံရေး ရှိဖို့ အာဏာသိမ်းစစ်တပ်က စက်သုံးဆီ ၀ယ်ယူခွင့်နဲ့အသုံးပြုခွင့်ကို စုံ၊မစနစ် အပါအ၀င် ပုံစံမျိုးစုံနဲ့ကန့်သတ်ထားတာကြောင့် လုပ်ငန်းခွင်မျိုးစုံမှာ အကြပ်အတည်းဖြစ်ပေါ်နေသလို အခြေခံလူတန်းစားတွေအပေါ်မှာလည်း အကျိုးသတ်ရောက်မှု မျာစွာဖြစ်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီသုံးစွဲနှုန်းက တရက်ကို ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလံ၊ ဒီဇယ် ၁ ဒသမ ၇ သန်းဂါလံခန့်ရှိပြီး တရက်ကို စက်သုံးဆီ ၃ ဒသမ ၂ သန်းဂါလံလောက် သုံးစွဲနေကြတာဖြစ်တယ်လို့ ဧရာဝတီသတင်းမှာဖော်ပြပါတယ်။
ပုံစာ – စက်သုံးဆီရဖို့တန်းစီးနေကြပုံ။(ဓာတ်ပုံ – ပုံဟောင်း)






