မကွေးတိုင်း၊ ယောဒေသ ၊ ထီးလင်းမြို့နယ်က ကျေးရွာတရွာမှာ ရပ်ရွာလူငယ်တွေ ဦးဆောင်ပြီး နွေရာသီ သောက်သုံးရေရရှိရေး တောင်ပေါ်ရေစမ်းတွေ ရှာဖွေတူးဖော်ပေးနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
နွေရာသီရောက်တာနဲ့ ပုံတောင်ပုံညာပတ်ဝန်းကျင်ကျေးရွာတွေမှာ သောက်သုံးရေ ရှားပါးတဲ့ဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး တောင်ပေါ်ရေစမ်းနေရာကနေ ပိုက်တွေနဲ့တဆင့်သွယ်ပြီး ရရှိအောင်လုပ်ရတယ်လို့ ရေကန်တူးဖော်ရာမှာ ဦးဆောင်တဲ့ လူငယ်တစ်ဦးကပြောပါတယ်။
“ရွာမှာက နွေရာသီဆိုရင်ကောင်းကောင်းမရဘူး။ ကျွဲ၊ နွား သောက်သုံးဖို့လဲ ရှားတယ်။ ရပ်ရွာလူထုအတွက် သောက်ရေ သန့်သန့်ရဖို့ ရေခပ်သွားရတာအဝေးကြီးလေ။ တောင်ပေါ်ရေစမ်း ရရင်တော့ လွယ်လင့်တကူ သောက်သုံးရေ ရသွားတာပေါ့ “လို့ သူက ဆိုပါတယ်။
ယောဒေသမှာတော့ နွေရာသီသောက်သုံးရေအတွက် ချောင်းထဲသဲခုံတွေကနေ တူးဖော်အသုံးပြုကြသလို တောင်ပေါ်ရေစမ်းတွေကိုလည်း မှီခိုနေရတာဖြစ်ပါတယ်။
ဒေသအခေါ် တောင်ပေါ်ရေစမ်းတွေကိုတော့ သဘာဝအတိုင်း တောင်တွေပေါ်မှာ ရေအိုင်ငယ်တွေအဖြစ်ရှိနေတာကို တွင်းနက်အောင်တူးပြီး ပိုက်နဲ့ အနိမ့်ပိုင်းတနေရာမှာ ရေအုတ်ကန်နဲ့စုဆောင်းကာ မျှဝေသုံးစွဲကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရေကန်ဖြစ်မြောက်ရေး ကုန်ကျစရိတ်ကို ဒေသခံ တော်လှန်ရေး အဖွဲ့တစ်ခုက ထောက်ပံ့ပေးထားပြီး တော်လှန်ရေး အဖွဲ့တွေနဲ့ ရပ်ရွာလူငယ်တွေ စိတ်တူကိုယ်တူ တသားတည်းဖြစ်နေလို့ ဝမ်းသာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
“တော်လှန်ရေးက လူငယ်တွေနဲ့ အဖွဲ့တွေ အခုလိုတသားတည်းဖြစ်နေရမှာ။ ကျွန်တော်ကတော့ ဝမ်းသာတယ်ဗျာ။ နောက်လည်း ဒီလို့ စည်းစည်းလုံးလုံး ကြိုးစားသွားတာတွေ့ချင်တယ်” လို့ သူက ဆိုပါတယ်။
တော်လှန်ရေး ရဲဘော်တဦးကလည်း တော်လှန်ရေး သမားတွေအနေနဲ့ လူငယ်တွေနဲ့တသားတည်း ဖြစ်အောင် ကြိုးစားနေရမှာဖြစ်ပြီး လူငယ်တွေရဲ့အနာဂါတ်ကောင်းအောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
လက်ရှိ သောက်သုံးရေရှိရေး ဖော်ဆောင်ပေးနေတဲ့ ကျေးရွာတရွာအတွက် တောင်ပေါ်ရေစမ်း တတွင်းတူးခဲ့ပြီး ခန့်မှန်းကုန်ကျငွေ ငွေကျပ် ငါးသိန်းခန့်ရှိမယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ်ဟာ ယောဒေသရဲ့ အလယ်ပိုင်းမှာတည်ရှိနေပြီး မြို့ပေါ်ရပ်ကွက် ၂ ခု နဲ့ ကျေးရွာ ၉၄ ရွာနဲ့ ဖွဲ့စည်းထားတယ်လို့ ၂၀၁၄ ခု သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။
Photo – Y.A.M






