Home > ဆောင်းပါး > အောက်ခြေကပြည်သူတွေအတွက် မီဒီယာရဲ့ ပါဝါကျဆင်းလာမှု

အောက်ခြေကပြည်သူတွေအတွက် မီဒီယာရဲ့ ပါဝါကျဆင်းလာမှု

တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)

“ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တို့ရွာက ဆိုက်တွဲသမား သုံးဦး မြို့ပေါ်မှာ ပျူစောထီးတွေက ဖမ်းတယ်။ သုံးသိန်းပေးရတယ်။ ပြန်လွတ်လာတယ်” လို့ မြို့အနီး ကျေးရွာကြီးတစ်ရွာက မိတ်ဆွေက ပြောပါတယ်။

ဒီသတင်းကို မြို့နာမည်၊ ရွာနာမည်တွေတပ်ပြီး သတင်းရေးလိုက်မယ်ဆိုရင် မြို့ပေါ်ကိုသွားလာနေတဲ့ ဒီဆိုက်တွဲသမားသုံးဦးဟာ နောက်ထပ် မြို့ပေါ်ကို မသွားရဲတော့ပါဘူး။ ဒီသတင်းကြောင့် သူတို့ ထမင်းအိုးကွဲသလိုဖြစ်သွားမယ်။ သွားခဲ့ရင်လည်း အန္တရာယ်ရှိတယ်။ စိတ်လုံခြုံမှုလည်း ရှိတော့မှာ မဟုတ်ဘူး။

ဒီတော့ သတင်းသမားဟာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တော်တော်များများကို သိလျက်နဲ့ လစ်လျူရှုပြီး မှတ်တမ်းအဖြစ်ပဲ ထားရတာတွေ ရှိကြတယ်။

“သူတို့က ဖမ်းပြီးလို့ ပိုက်ဆံပေးပြန်ရွေးပြီးရင်လည်း သတင်းမီဒီယာပေါ် ပါလာလို့ကတော့ မလွယ်ဘူး၊ ပြန်ဖမ်းမယ် ဆိုတာမျိုး ခြိမ်းခြောက်ထားတာ။ ဘယ်ပြောရဲမလဲကွ အဖမ်းခံရရင် လွယ်တာမဟုတ်ဘူး” လို့ စစ်မူထမ်းအတွက် ပေါ်ဆာဆွဲခံရသူ လူငယ်တစ်ဦးကို ပိုက်ဆံနဲ့ ပြန်ရွေးထုတ်ခဲ့သူတစ်ဦးက ပြောပြတယ်။ ဒီလိုနဲ့ အာဏာသိမ်းစစ်တပ်ဟာ လူမသိသူမသိ သတင်းမီဒီယာတွေပေါ်မတက်နိုင်တဲ့ ပေါ်တာဆွဲမှုများစွာကို ကျူးလွန်ခဲ့ကြတယ်။

နောက်ပြီး မြို့အဝင်တွေက အာဏာသိမ်းစစ်တပ်ဂိတ်တွေက ပြည်သူတွေကို အမြဲချိန်းခြောက်တယ်။ ပါတဲ့ပစ္စည်း၊ ငွေတွေကို ယူတာလည်း ရှိတယ်။ ခြိမ်းခြောက်ခံရတဲ့သူတွေ၊ ပစ္စည်းယူခံရသူတွေဟာ တော်လှန်နယ်မြေမှာနေတဲ့ ပြည်သူတွေ။ သူတို့တွေကလည်း ဖြစ်စဥ်တွေကို မီဒီယာကို ပြောမပြရဲကြဘူး။ နောက်သူတို့ မြို့ပေါ်ကို သွားရဦးမယ်။ ကျန်းမာရေးကြီးကြီးမားမားဖြစ်ရင် မြို့ပေါ်သွားမှ ရမှာ။ ဒီလိုနဲ့ ပျောက်ပျက်သွားရတဲ့ သတင်းတွေ အများကြီးရှိတယ်။

မြို့ပေါ်မှာဖြစ်ပွားနေတဲ့ ခိုးမှုတွေ၊ ဓားမြမှုတွေ၊ လုယက်မှုတွေဆိုတာ သတင်းမဟုတ်တော့သလိုဖြစ်နေတယ်။ ခံရသူတွေကိုယ်တိုင်က ကိုယ်မတရားခံရတဲ့ အကြောင်း မပြောချင်ကြတော့ဘူး။ မီဒီယာဟာ သူတို့ဘက်က ရပ်တည်ပေးနေတာကို သိတဲ့တိုင် အကျိုးမရှိဘူးလို့ လက်တွေ့အခြေအနေမှာ သူတို့ယုံကြည်ထားကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မီဒီယာတွေကို မချုပ်ကိုင်နိုင်တော့ မီဒီယာရဲ့ ရေသောက်မြစ်တစ်ခုဖြစ်တဲ့ သတင်းရင်းမြစ်တွေကို အကြောက်တရားနဲ့ ချုပ်ကိုင်ထားတယ်။ အကြောက်တရားနဲ့ ဖိနိုပ်တာခံရတဲ့သူတွေအတွက်၊ စစ်အာဏာရှင်အောက်မှာနေရတဲ့သူတွေအတွက် မီဒီယာရဲ့ ပါဝါဟာ ကျဆင်းလာပါတယ်။ ဒါဟာ မီဒီယာသမားတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို စဥ်းစားကြရမှာဖြစ်ပါတယ်။

(တော်လှန်နယ်မြေနဲ့ပတ်သက်ပြီး မီဒီယာ၏ အခြေအနေကို နောက်ဆောင်းပါးမှာ ဆက်လက်တင်ပြပါမယ်။)စာရေးသူ

error: Content is protected !!