Home > သတင်း > ဒေသတွင်းသတင်း > ဂန့်ဂေါနယ်မှာ လောင်းကစားဝိုင်းတွေများပြားနေပြီး ဓားမြမှုတွေဖြစ်ပွားနေဟုဆို

ဂန့်ဂေါနယ်မှာ လောင်းကစားဝိုင်းတွေများပြားနေပြီး ဓားမြမှုတွေဖြစ်ပွားနေဟုဆို

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ လောင်းကစားဝိုင်းတွေ ပြန့်နှံ့နေပြီး ဓားမြမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဒေသခံတွေဆီက သိရပါတယ်။

“ရေရှင်မရွာဆို လမ်းမကြီးဘေးမှာကို ခြောက်ကောင်ဝိုင်းက လုပ်နေတာ။ သွားလာရင်း ဒီတိုင်းကို မြင်နေရတာ”လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ရေရှင်မ၊ နှမ်းခါး၊ မွှေ့လယ်ကျေးရွာ အပါအဝင် ဂန့်ဂေါနယ်မြောက်ပိုင်းက ကျေးရွာအချို့မှာ လောင်းကစားဝိုင်းတွေဖြစ်တဲ့ ခြောက်ကောင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း တွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းကစားဝိုင်းတွေကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ လုယက်ဓားမြမှု နှစ်ခုလည်း အခုရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မွှေ့လည်ရွာနှင့် နှမ်းခါးရွာကြား သရက်ခြံနားမှာ မတ် ၁၄ ရက်နေ့ ည ၈ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်ကို သိတဲ့ ဒေသခံ အမျိုးသားတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။

“လုတဲ့ ထဲမှာ အမျိုးသမီးတစ်ဦးလည်းပါတယ်။ သူက ဆိုင်ကယ်ကို ထွက်တားတာ။ ဆိုင်ကယ်ရပ်တာမှာ နောက်ကနေ အမျိုးသားတစ်ယောက်က ဂုတ်စပ်ကို ရိုက်နက်ပြီး လမ်းဘေးဆွဲသွားတာ။ လမ်းဘေးမှာ ထပ်ရိုက်တယ်။ ပိုက်ဆံတွေ အကုန်ယူသွားတယ်။ ဖုန်းနဲ့ ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်” လို့ သူက ပြောပါတယ်။

ရိုက်နက်ပြီး လုယက်ခံရသူ အမျိုသားဟာ ဝက်အရောင်းအဝယ်ပြုလုပ်နေသူဖြစ်ပြီး ကြိုတင်ကြံစီထားတာမျိုးဖြစ်နိုင်တယ်လို့လည်း ဒေသခံတစ်ဦးက မှတ်ချက်ပေးပါတယ်။

မတ် ၁၅ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ချောင်းကောက်ရွာနယ်နမိတ်၊ တောထဲမှာ တောင်သူလုပ်ငန်းလုပ်ကိုင်ရင်း နေထိုင်နေကြတဲ့ ဦးမြင့်နိုင်တို့ မိသားစုတဲကို တူမီးသေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားသုံးဦးက ဓားမြတိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ချောင်းကောက်နဲ့ ရွာမကြားမှာ ဖြစ်တာ။ ဓားမြတိုက်တဲ့ လူတွေက တဲကလူတွေအားလုံးကို ပါးစပ်တွေမှာ တိတ်ကပ်ပြီး လုသွားတာ။ ဓားမြတိုက်မှုအတွင်း မိသားစုဝင်ထဲက တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဓားမြသုံးဦးဟာ ဦးမြင့်နိုင်တို့မိသားစုဝင်တွေဆီကနေ ရွှေဆွဲကြိုး သုံး ကုံး၊ နားကပ် နှစ်ရံ၊ ပိုက်ဆံ သုံးသိန်းနဲ့ ဖုန်းတစ်လုံးယူဆောင်သွားကြတယ်လို့ ယောဒေသ သတင်းတွေကို တင်ဆက်နေတဲ့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။

“သွားလာနေတဲ့သူတွေရော၊ ကျနော်တို့လို တောထဲမှာ စစ်ရှောင်နေတဲ့သူတွေရော လုံခြုံမှုမရှိတော့ပါဘူးဗျာ” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောထဲမှာ ကိုယ်တိုင်စစ်ရှောင်နေရတဲ့ အမျိုးသားတစ်ဦးက ဓားမြတိုက် လုယက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူတွေဟာ စိတ်ပျက်နေကြပြီး တော်လှန်ရေးကိုပါ ထိခိုက်မှုတွေရှိလာတယ်လို့ ယောဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။

“သူတို့က ကျဆုံးသွားတဲ့ ရဲဘော်တွေကို မေ့သွားကြတော့တာဗျာ” လို့ အဆိုပါ တော်လှန်ရေးခေါင်းဆောင်က ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ မြောက်ခင်ရန်းကျေးရွာကို Yawland Operation စစ်ဆင်ရေး ဖော်ဆောင်တိုက်ခိုက်ခဲ့ပြီး ကျေးရွာနှစ်ရွာကိုသိမ်းနိုင်ခဲ့သလို Yawland Operation စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့ပါတယ်။

Yawland Operation စစ်ဆင်ရေးမှာ ဒေသခံတော်လှန်ရေးရဲဘော် လူငယ်တွေကျဆုံးပြီးလို့ သုံးလအတွင်းမှာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ လောင်းကစားကိစ္စတွေဟာ မဖုံးနိုင်မဖိနိုင် သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လောင်းကစားပြုလုပ်နေတဲ့ နေရာတွေဟာလည်း တော်လှန်ရေးရဲဘော်တွေကျဆုံးခဲ့တဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ အဓိက ဖြစ်ပွားနေတာပါ။

” လောင်းကစားဝိုင်းဖြစ်တယ်ဆိုတာက ဖြစ်တဲ့ရွာနားက အုပ်ချုပ်ရေး မပါဘဲနဲ့ လုပ်လို့မရဘူး။ ဘယ်သူတွေပါတယ်ဆိုတာကိုလည်း စုံစမ်းနေတယ်။.ပေါ်လာမှာပါ” လို့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ မူးယစ်ဆေးဝါးနှင့် လောင်းကစားကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လက်ခံကာ ဆိုးဆိုးဝါးဝါးကျူးလွန်နေကြတာကို တွေ့မြင်ရကြောင်း၊ ဒီလို လောင်းကစားကိစ္စတွေကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြတာဟာ ပြည်သူလူထုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ အသက်စွန့်သွားခဲ့ရတဲ့ ရဲဘော်တွေနှင့် ကိုယ်လက်အင်္ဂါစွန့်ထားရတဲ့ ရဲဘော်တွေကို စော်ကားတဲ့လုပ်ရပ်ဖြစ်တယ်လို့ မတ် ၁၅ ရက်နေ့မှာ ဂန့်ဂေါခရိုင် တပ်ရင်း (၁)၊ တပ်ရင်း (၁၂) ၊ တပ်ရင်း (၁၄) တို့ ပူးတွဲထုတ်ပြန်ပါတယ်။

မတ် (၁၅) ရက်နေ့ကစပြီး မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကစားဝိုင်း လက်ခံကျင်းပနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လောင်းကစားပစ္စည်းလက်ဝယ်တွေ့ရှိသူတွေနှင့် လက်ဝယ်တွေ့ရှိသူ မည်သူကိုမဆို ချက်ချင်းဖမ်းဆီးထိန်းသိမ်းမယ်လို့ တပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

“ထုတ်ပြန်နေရုံနဲ့လည်းမရဘူးဗျ။ လောင်းကစားတွေဖြစ်နေတာက ကြာပြီ။ တကယ်ဖမ်းမှ ပြည်သူတွေလုံခြုံမယ်။ တော်လှန်ရေးကို အယုံအကြည် ပျက်မယ်” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ယောဒေသမှာ၊ အထူးသဖြင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း လောင်းကစားကိစ္စတွေ ပေါ်ပေါ်ထင်ထင်ဖြစ်ပွားနေတာကြောင့် လောင်းကစားဝိုင်းကို တွေ့ရှိရင်၊ တိုင်ကြားလာရင် အရေးယူမယ်လို့ ယောတပ်တော် YA က တာဝန်ယူ၊ တာဝန်ခံဖမ်းဆီးပြီး သက်ဆိုင်ရာ ကာကွယ်တပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရေးယူမယ်လို့ ၂၀၂၅ နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

“လောင်းကစားကတော့ ကြက်ဝိုင်းတွေဆိုရင် လူကြီးတွေက ဆယ့်လေးငါးနှစ်ရှိတဲ့ လူငယ်လေးတွေကိုပါ တွဲခေါ်သလိုဖြစ်နေတယ်။ ဖဲဝိုင်း၊ ခြောက်ကောင်ဝိုင်းတွေဆို မိန်းမတွေရော၊ ယောကျ်ားတွေရော ပါတယ်။ အသက်သေဆုံးတဲ့သူတွေရှိသလို၊ ဖဲကြောင့် ဘဝပျက်သွားတဲ့ မိသားစုတွေလည်းရှိနေတယ်။ အကြွေးတင်ပြီး ထွက်ပြေးကြရတဲ့သူတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ နှစ်က ( ၂၀၂၅၊ အောက်တိုဘာ ၂၃ ရက်နေ့) မွေ့လယ်က မိန်းမကို ယောကျာ်းကသတ်၊ မိန်းမသေတော့ ယောကျ်ားကလည်းကြိုးဆွဲချသေတာမျိုးလိုပေါ့။ လောင်းကစားကြောင့်ဖြစ်ရတာတွေ။ စစ်ဒဏ်ကိုခံရတဲ့ထဲမှာ ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်စေချင်တော့ဘူး”လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

error: Content is protected !!