မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူသာသနာ့နယ်မြေအနီး မတ် ၁၆ ရက် နေ့လယ်ပိုင်း လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားတစ်ဦး ဒီကနေ့ မနက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ထိတာက ခေါင်းကိုထိတာဆိုတော့ ဒီမနက်မှာပဲ ဆုံးသွားတယ်” လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မတ် ၁၆ ရက်နေ့က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူသာသနာ့နယ်မြေအနီးကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ ဗုံးရှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ရာမှာ တောထဲမှာ စစ်ရှောင်ရင်းနေထိုင်နေကြတဲ့ မိသားစုတစ်စုနေထိုင်ရာတဲကို ထိမှန်ခဲ့ပြီး အသက် ၅၀ ဝန်းကျင် အမေဖြစ်သူနှင့် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူနှင့် သမီးအကြီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ဒီကနေ့ မတ်လ ၁၇ ရက် မနက်ပိုင်းမှာတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ သားအဖနှစ်ယောက်မှာ အသက် ၅၀ ကျော် အဖေဖြစ်သူ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သူတို့က တောထဲမှာ မိသားစုလိုက် ကပ်ရက်နေကြတုန်း ဗုံးကလာကြဲတာ။ ဘာတိုက်ပွဲမှလည်းမရှိဘူး။ သမီးအကြီးတစ်ယောက်ထဲ ဒဏ်ရာနဲ့ ကျန်ခဲ့တာ။ လုံးဝစိတ်မကောင်းဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောထဲမှာ စစ်ရှောင်နေတဲ့ မိသားစု လေးဦးထဲမှာ အဖေ၊ အမေနဲ့ သမီးအငယ်ဆုံး ဖြစ်သူတို့ သုံးဦးသေဆုံးခဲ့ပြီး ခြေထောက်ထိခိုက်ဒဏ်ရာရထားတဲ့ သမီးအကြီးဖြစ်သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်မှာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက တောင်ခင်ရန်းကျေးရွာနှင့် ကျေးရွာဝန်းကျင်၊ ရွှေဘိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ မြင်းဇာကျေးရွာဘုန်းတော်ကြီးကျောင်းတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် တစ်ပါး ထိတ်လန့်ပျံလွန်တော်မူခဲ့ရပြီး ကိုရင်တစ်ပါးနှင့် ဦးဇင်းတစ်ပါးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းအပါအဝင် နေအိမ်အဆောက်အဦတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။






