Home > သတင်း > ဒေသတွင်းသတင်း > ယောဒေသ၊ကျောက်ဂူသာသနာ့နယ်မြေအနီးကို ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်၊အမျိုးသမီးနှစ်ဦးသေဆုံး

ယောဒေသ၊ကျောက်ဂူသာသနာ့နယ်မြေအနီးကို ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်၊အမျိုးသမီးနှစ်ဦးသေဆုံး

မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူတောရဘိုးဘွားရိပ်သာ သာသနာ့နယ်မြေအနီးကို မတ် ၁၆ ရက်နေ့၊ နေ့လည် ၁ နာရီကျော်မှာ ဂျက်ဖိုက်တာ လေးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဆုံးသွားတာက အမေနဲ့ သမီးအငယ်ဆုံးလေးပါ။ မိသားစု အကုန်ထိတာ။ အဖေက ခေါင်းထိသွားတယ်။ သမီးကြီးကတော့ ခြေထောက်ထိသွားတယ်” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူသာသနာ့နယ်မြေဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တောထဲမှာနေပြီး တောင်သူလုပ်ငန်းလုပ်ကိုင်နေတဲ့ မိသားစုလေးယောက်မှာ အသက် ၅၀ ဝန်းကျင်အရွယ် အမေဖြစ်သူနှင့် အသက် ၁၃ နှစ်အရွယ် သမီးအငယ်ဆုံးဖြစ်သူ သေဆုံးခဲ့ပြီး အသက် ၅၀ ကျော် အဖေဖြစ်သူနှင့် အသက် ၂၀ ဝန်းကျင် သမီးအကြီးဖြစ်သူတို့ ပြင်းထန်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် အဆောက်အဦနှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းကတည်းက တောထဲမှာ တောင်သူလုပ်ရင်း မိသားစုလိုက်စစ်ရှောင်နေတာ။ သူတို့တဲကိုပဲ အဓိကပစ်သွားတာ။ ဘာကြောင့်လဲတော့မသိဘူး။လို့ တောနားနီး စစ်ရှောင်ပြည်သူတစ်ဦးကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို တံတားဦးလေတပ်နှင့် ရှမ်းတဲလေတပ်တို့မှ တက်လာတဲ့ ဂျက်ဖိုက်တာတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး ကလပ်စတာ (Cluster) ဗုံးတွေပါအသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။
“လေယာဥ်လေးစီး ဆက်တိုက်လာတယ်။ တစ်စီးကို နှစ်ကြိမ်စီပစ်သွားတာ” လို့ လေကြောင်းတိုက်ခိုက်မှုကို အဝေးကနေမြင်တွေ့လိုက်ရသူ ဒေသခံတစ်ဦးက ပြောပါတယ်။
ပဉ္စမ မဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီအကြမ်းဖက်တပ်က ၂၀၂၅ ခုနှစ်အတွင်း ဂန့်ဂေါမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ရှိခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

error: Content is protected !!