Home > သတင်း > စစ်ရေး > ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်ထဲ အရပ်သား ၇ ဦးထက်မနည်း သေဆုံး

ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်ထဲ အရပ်သား ၇ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က နေရာအချို့ကို စစ်ကော်မရှင်တပ်က မတ်လ ၄ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် တရက်အတွင်း အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ် မြောက်ပိတောက်ကုန်းရွာကို မတ်လ ၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် အရပ်သားနှစ်ဦး သေဆုံးခဲ့ရသလို အဲဒီနေ့ ညပိုင်းမှာ မရိုးတုန်းရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“မနေ့က တရက်ထဲ အရပ်သား ၇ ဦးသေတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးတာရှိတယ်။ အသေးစိတ်ကတော့ မပြောနိုင်သေးဘူး ။ရှုပ်ထွေးနေတဲ့ကာလဆိုတော့ ။ ဒီကနေ့လည်း လေကြောင်းက ခဏခဏ လာလာကြဲနေတယ်” လို့ ပုလဲမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ်နဲ့ယင်းမာပင်အစပ်နားက ရွာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစလို့ မတ်လ ၅ ရက် ဒီကနေ့အထိ နေ့စဉ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ပုလဲမြို့နယ်အတွင်းက ရွာတွေကို အင်အားရာချီအသုံးပြုပြီး စစ်ကြောင်းပတ်ထိုးနေတာကြောင့် နှစ်ဖက်ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

Photo credit

error: Content is protected !!