Home > သတင်း > စီးပွားရေး > အီရန်သတင်းကို အမှောင်ချခြင်းနှင့် စက်သုံးဆီ “စုံ/မ” စနစ်ရဲ့ နောက်ကွယ်

အီရန်သတင်းကို အမှောင်ချခြင်းနှင့် စက်သုံးဆီ “စုံ/မ” စနစ်ရဲ့ နောက်ကွယ်

မောင်ကောင်း
(မျက်မှောက်ခေတ် ဆောင်းပါး)

စက်သုံးဆီကို “စုံ/မ” နံပါတ်အလိုက် ကန့်သတ်မောင်းနှင်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကျွန်တော်တို့ကို စနစ်ဟောင်းကြီးဆီ ပြန်ခေါ်သွားတာတင်မကပါဘူး။ ရန်ကုန်တက္ကသိုလ်ရဲ့ “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့” ရ ဒေါက်တာကြီးရဲ့ စီမံခန့်ခွဲမှု ဘယ်လောက်အထိတောင် ကျရှုံးနေပြီလဲဆိုတာ ဗူးပေါ်သလို ပေါ်တာပဲ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်ရဲ့ အကြောင်းပြချက်မှာ “အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ” လို့ သုံးထားတာကို သတိထားမိတာကြောင့် မေးခွန်းထုတ်စရာ ရှိလာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးတွဲစစ်ဆင်ရေးဟာ အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးသတင်းပါ။ ဒါပေမဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံလို ဝါဒဖြန့်သတင်းစာတွေမှာ ဒီသတင်းကို လုံးဝ မဟရဲကြဘူး။

နေရာတကာ ထုတ်ပြန်ချက်မျိုးစုံထုတ်ပြန်၊ ဘွဲ့တံဆိပ်မျိုးစုံ လိုက်ပေး၊ သူကိုယ်တိုင်လည်း ဘွဲ့တကာလိုက်ယူနေတဲ့ ပါရဂူဘွဲ့ရ “ကိုကြင်စိုး” ဟာ အီရန်ခေါင်းဆောင် ခါမေနီ သေတာကိုကျတော့ ဘာလို့ သတင်းအမှောင်ချထားတာလဲ ဆိုတာပါ။ သူရဲ့ လက်ဝေခံ အဖွဲ့အစည်းတွေ ၊ ပါတီတွေနဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်းသာ ထုတ်ပြန်လိုက်ရင် သတင်းစာ တစ်ကြောင်း ရှုပ်ချကြောင်းတွေ ပလူပျံသွားနိုင်ပါတယ်။

အမေရိကန်ရဲ့ ကျူးကျော်တဲ့ လုပ်ရပ်ကို ထောက်ခံတာမဟုတ်ပေမဲ့ အီရန်နဲ့ မြန်မာစစ်အုပ်စုဟာ စီးပွားရေးပိတ်ဆို့ခံထားရတဲ့ “အပယ်ခံ” ဘဝတူတွေပါ။

အီရန်ဆိုတာ ဒရုန်းနည်းပညာ၊ လက်နက်တွေနဲ့ စက်သုံးဆီ၊ လေယာဉ်ဆီတွေ ထောက်ပံ့နေတဲ့ သူတို့ရဲ့ “ဆရာကြီး” ပါ။ အခုလို အဲဒီဆရာကြီးကိုယ်တိုင် နိဂုံးချုပ်သွားပြီဆိုတဲ့ သတင်းဟာ ကိုကြင်စိုးအတွက် သတင်းဆိုး ဖြစ်သလို မကောင်းတဲ့ နိမိတ်ပါ။

ခါမေနီ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်လိုက်ရင် အမေရိကန်နဲ့ အနောက်အုပ်စုကို ထိပ်တိုက် စိန်ခေါ်သလို ဖြစ်သွားမှာကို ကြောက်နေလို့ ဒီသတင်းကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ ဖိအားမျိုးစုံနဲ့ အသက်ရှူရကျပ်နေတာမို့ “ကျေးဇူးရှင်လည်း မပစ်ရက်၊ ရန်သူကိုလည်း မဆော်ရဲ” တဲ့ အခြေအနေပါ။

ဒါကြောင့် အိမ်နီးချင်း ပါပါတရုတ်ကြီးက ဒီလုပ်ရပ်အပေါ် မကြိုက်ကြောင်း လေသံဟတာကိုတောင် မသိကျိုးကျွန်ပြုပြီး နေနေတာပါ။ နောက်တစ်ခုကတော့ အာဏာရှင်တစ်ဦးရဲ့ နိဂုံးကို ပြည်သူတွေ သိသွားရင် အားတက်သွားမှာကို အသေအလဲ ကြောက်နေတာမျိုးလည်း ဖြစ်ပါလိမ့်မယ်။

စစ်အုပ်စုက ဆီပြတ်တာကို “စစ်ပွဲကြောင့် လမ်းကြောင်းပိတ်လို့” လို့ အကြောင်းပြထားပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း ထိုင်းမှာ ဆီ ရက် ၆၀ စာ၊ အိန္ဒိယမှာ ၂၅ ရက်စာ အရန်ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ကြေညာထားနိုင်တယ်။ ထိုင်းက မိတ်ဆွေတစ်ဦး ပြောတာရှိပါတယ်။ “ဆီပြတ်တာ အစိုးရအလုပ်၊ အစိုးရ ဖြေရှင်းလိမ့်မယ်၊ ငါတို့ ပုံးတွေနဲ့ လှောင်စရာမလိုဘူး”တဲ့။ ဒါဟာ အစိုးရအပေါ် ယုံကြည်မှုပါ။

ကျွန်တော်တို့ဆီမှာတော့ ပလန်မရှိ၊ အဖြေမရှိပါ။ လေယာဉ်နဲ့ ဗုံးကြဲလို့၊ အိမ်တွေကို မီးရှို့လို့ စစ်ရှောင်ဘဝနဲ့ ပြေးရရင်တောင် လှည့်ကြည့်စရာမလိုပါဘူး။ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို စစ်တပ်ကပဲ အပိုင်သိမ်းပြီး “တာဝန်ယူ” လိုက်တာကြောင့်ပါ။ ပြန်တောင်းလို့တော့ မရတော့ဘူးပေါ့လေ။

အခုလည်း ပြဿနာတစ်ခုကို မဖြေရှင်းနိုင်တော့တိုင်း “စုံ/မ” စနစ်လိုမျိုးနဲ့ အကျပ်ကိုင်တယ်၊ ဖမ်းမယ်၊ ဆီးမယ်လို့ ခြိမ်းခြောက်တယ်။ ဒါဟာ သူတို့ ကျင့်သုံးနေကျ “စီမံခန့်ခွဲမှု” အစစ်အမှန်ပါပဲ။

#မောင်ကောင်း
#မျက်မှောက်ခေတ်
#ဆောင်းပါး

error: Content is protected !!