Home > ဆောင်းပါး > ဂုဏ်သိက္ခာရှိသောလမ်းကို လျှောက်လှမ်းခြင်း

ဂုဏ်သိက္ခာရှိသောလမ်းကို လျှောက်လှမ်းခြင်း

ဝေလင်းလက်
(မျက်မှောက်ခေတ် ရသစာတန်း)

လူတိုင်း ဂုဏ်သိက္ခာရှိချင်ကြသည်ဟု မပြောနိုင်သော်လည်း လူအများစုကတော့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်လိုကြတာ သေချာသည်။ ဂုဏ်သိက္ခာကို ပိုင်ဆိုင်နိုင်ဖို့ ဂုဏ်သိက္ခာရှိသောလမ်းကို လျှောက်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိပါ။

ဂုဏ်သိက္ခာရှိသူတို့သည် ဂုဏ်သိက္ခာရှိသော လမ်းကို လျှောက်လှမ်းကြခဲ့ကြသည်။ ထို့ကြောင့် ဂုဏ်သိက္ခာရှိချင်သူတို့သည် မည်မျှ ဆင်းရဲပင်ပန်းသည်ဖြစ်စေ ဂုဏ်သိက္ခာရှိသည့် လမ်းကို ရွေးချယ် လျှောက်လှမ်းရမည်ဖြစ်သည်။

ခရီးအတူသွားဖူးမှ လူအကြောင်းကို ပိုသိရသည် ဆိုသော စကားရှိပါသည်။ ဘဝခရီးကြာလာလေ လူတွေအကြောင်းပို သိရလေဖြစ်သည်။ မိတ်ဆွေကောင်းနှင့် ခရီးသွားရခြင်းသည် လုံခြုံငြိမ်းချမ်းပျော်ရွှင်မှုကို ရမည်ဖြစ်သည်။

မိတ်ဆွေကောင်းမဟုတ်သည့် ၊ ကိုယ်ကျင့်သီလ ပျက်ပြားသည့် သူတွေနှင့်အတူ ခရီးသွားရခြင်းသည်ကား လုံခြုံမှုမရှိသလို ငြိမ်းချမ်းမှုလည်းမရနိုင်။ ပျော်ရွှင်မှုကိုလည်း ခံစားရမည်မဟုတ်ပါ။

လူဆိုသည်မှာ လူမှုရေးသတ္တဝါဟု ကွန်ဖြူးရှပ်(စ်) က ဆိုသည်။ လူသည် လူတွေနဲ့ လုံးလုံးကင်းလို့မရပါ။ မြေပြင်၊ရေပြင်၊ ဝေဟင် လမ်းခရီးတွေကို တစ်ကိုယ်တည်းသွားနိုင်ဦးတော့ ဘဝခရီးကိုတော့ တစ်ကိုယ်တည်းသွားလို့ မရစကောင်းပါ။

ဘဝခရီးတွင်လည်း မိသားစု၊ သူငယ်ချင်း၊ အိမ်ထောင်ဘက်၊ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဖက် စသဖြင့် လိုအပ်ပါသည်။

ဂုဏ်သိက္ခာရှိသောလမ်းကို လျှောက်မည့်သူသည် ဂုဏ်သိက္ခာရှိသော ခရီးဖော်နှင့်သာလျှင် လက်တွဲလျှောက်လှမ်းနိုင်မည်ဖြစ်သည်။ မိမိ၏ ခရီးသွားဖော်ထဲတွင် ကိုယ်ကျင့်သီလဆိုင်ရာ ဆိုးဆိုးရွားရွား ဖောက်ဖျက်တတ်သူတစ်ဦးပါနေလျှင်ပင် မိမိတို့ လျှောက်သော ဂုဏ်သိက္ခာလမ်းမှ လမ်းချော်သွားနိုင်သလို ကာရံမသင့်ပါကလည်း လမ်းပင်မှားသွားနိုင်ပါသည်။

ဂုဏ်သိက္ခာရှိသောလမ်းကို လျှောက်မည့်သူသည် ပထမ အားဖြင့် မိမိကိုယ်တိုင် ဂုဏ်သိက္ခာကို စောင့်ရှောက်သူ ဖြစ်ရပေလိမ့်မည်။ ဒုတိယအချက်အနေဖြင့် မိမိခရီးဖော် မိတ်ဆွေတွေ၏ ဂုဏ်သိက္ခာကို အမြဲမပြတ်စောင့်ကြည့် တည့်မတ်ပေးနိုင်သူလည်း ဖြစ်ရပေဦးမည်။ သို့မှသာ မိမိတို့ ခရီးဖော်တစ်စု၊ အဖွဲ့အစည်းတစ်ခုသည် ဂုဏ်သိက္ခာကို ရယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဂုဏ်သိက္ခာသည် ကိုယ်ကျင့်သီလ၊ ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာတို့အပေါ်တွင် အခြေခံပါသည်။ အဓိကအားဖြင့် ကိုယ်ကျင့်တရားသည် ပင်မရေသောက်မြစ်ဖြစ်သည်။ ကိုယ်ကျင့်တရားမပါသော ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာသည် ရေရှည်မတည်တံ့နိုင်ပါ။ ဂုဏ်သိက္ခာဟူသည် တစ်ပွဲတိုး လုပ်ယူလို့ရသည့်အရာ မဟုတ်သလို ကံကောင်းထောက်မ၍ ရတတ်သော အရာလည်း မဟုတ်ပါ။

ဂုဏ်သိက္ခာအကြောင်းကို တွေးမိလျှင် ဆရာကြီး ဇော်ဇော်အောင်၏ ပီတာဇော်မြင့်ကို ကျွန်တော် သတိရတတ်ပါသည်။ ပီတာဇော်မြင့် အာလာဒင်မီးခွက်ကို ပိုင်ဆိုင်ခွင့်ရတော့ ပီတာဇော်မြင့်က မီးခွင့်စောင့် တန်ခိုးရှင် ဘီလူးဆီကနေ တစ်ခုတောင်းဆိုခဲ့သည်။

ပီတာဇော်မြင့်တောင်းဆိုမှုကိုကြားရသောအခါ ဘီလူးက သူတောင်းဆိုတာကို မပေးသည့်အပြင် ပီတာဇော်မြင့်ကို ပါးရိုက် သွားပါသေးသည်။ ပီတာဇော်မြင့် မီးခွက်စောင့် ဘီလူးဆီကနေ ဘာတောင်းခံခဲ့ပါသနည်း။ “ဂုဏ်သိက္ခာ” ကို တောင်းခဲ့ခြင်းဖြစ်ပါသည်။

ဂုဏ်သိက္ခာဆိုသည်က တောင်းယူလို့ ရသည့်အရာမဟုတ်ပါ။ အာဏာရှိသူများ၊ သူဌေးသူကြွယ်များ အပါအဝင် မည်သူသည့်သတန်ခိုးရှင်ဆီကမျှ တောင်းလို့မရပါ။ မတန်မရာ တောင်းဆိုမိလျှင် ပြည်သူ၏ ပါးရိုက်ခြင်းကို ခံရကြရမည်ကို သတိချပ်သင့်ပါသည်။

“ဒုက္ခမှ လွတ်မြောက်ရာသို့ ဒုက္ခလမ်းမှသာ ကျွန်ပ်သွားလိုပါ၏” ဟု ရော်ဘင်ဒြာနတ်တဂိုးက ဆိုခဲ့သည်။ ဂုဏ်သိက္ခာဆီသို့ ဂုဏ်သိက္ခာရှိသောလမ်းအတိုင်းသွားမှ ရောက်နိုင်မည်ဟု ဆင့်ပွားတွေးမိပါသည်။ မည်မျှကြမ်းတမ်းပါစေ… ဂုဏ်သိက္ခာရှိသော မိတ်ဆွေများဖြင့် ဂုဏ်သိက္ခာရှိသောလမ်းကိုသာ လျှောက်လှမ်းချင်ပါသည်။

#ဝေလင်းလက်
#မျက်မှောက်ခေတ်
#ရသစာတန်း

error: Content is protected !!