Home > ဆောင်းပါး > ချိုသာစွာ ကျေးဇူးတင်ပါသည်

KTM
(မျက်မှောက်ခေတ် သရော်စာ)

မင်းသားက မင်းသမီးကို ကယ်တင်ခဲ့သည့် ဇာတ်လမ်းတွေကို လူတိုင်းကြားဖူးကြသည်။ ယခု ဖေဖော်ဝါရီလထဲတွင်မူ မြန်မာနိုင်ငံတွင် ကြုံတွေ့ရသော အဖြစ်အပျက်မှာ ထိုဇာတ်လမ်းများ ထက်ပို၍ပင်ထူးဆန်းသည်ကို ပြည်သူတွေ တွေ့လိုက်ကြရပေသည်။ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကား မကြည်ပြာကို နဂါးက ကယ်တင်လိုက်သည့် ဇာတ်ဖြစ်ပင်ဖြစ်သည်။

ပုလဲနယ်က ဗိုလ်နဂါးတပ်ဖွဲ့က ရာဇဝတ်မှုကျူးလွန်းသူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးဖို့ကြိုးစားရင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဗိုလ်နဂါးတပ်နှင့် ခရိုင်တပ်ရင်းတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗိုလ်နဂါးသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းသွားခဲ့သည်။

အထက်ပါအဖြစ်အပျက် သတင်းသည် တစ်နိုင်ငံလုံးကို လွှမ်းမိုးသွားခဲ့သည်။ ရေနွေးကြမ်းဝိုင်းမှာလည်း နဂါး အကြောင်း၊ ထန်းရည်ဝိုင်းမှာလည်း နဂါးအကြောင်း၊ အရက်ဝိုင်းမှာလည်း နဂါးအကြောင်း၊ ရွာထဲလမ်းပေါ်မှာလည်း နဂါးအကြောင်း၊ ရေချိုးဆိပ်မှာလည်း နဂါးအကြောင်း၊ တောထဲမှာလည်း နဂါးအကြောင်းကို ကြားရသည်။

လိုင်းပေါ်မှာလည်း နဂါးအကြောင်းကို မမြင်ချင်မှ အဆုံးဖြစ်သည်။ နဂါးနဲ့လွတ်ပြီး နေထိုင်သွားလာဖို့ပင် ခက်ခဲသည့် အခြေအနေကို တွေ့မြင်ခဲ့ရသည်။

ပြည်သူတွေအားလုံး နဂါးဝင်ပူးခံနေရစဥ် NUG အစိုးရသည် ကြည်ပြာ တည်းဟူသော သူတို့နတ်သမီးတစ်ပါးအကြောင်းကို ပြည်သူတွေကို ရုတ်တရက် ချပြလိုက်သည်။ ဒေါ်ကြည်ပြာသည် NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဖြစ်သည်။ ဒေါ်ကြည်ပြာကို အဂတိလိုက်စားမှုများဖြင့် သူ့လက်အောက်တွင် လုပ်ကိုင်ခဲ့သူတို့က တိုင်ကြားထားသည်။ ထိုတိုင်ကြားချက်ကြီးကို “ဝန်းထမ်းများအပေါ် ချိုသာစွာပြောဆိုဆက်ဆံရန်” ဆိုသည့် သတိပေးချက်ဖြင့် ဒေါ်ကြည်ပြာကို ပြစ်ဒဏ်ချခဲ့သည်။ ဟုတ်ကဲ့… ။ ကျွန်ုပ်သည်လည်း ချိုသာသော စကားလုံးများဖြင့်ပင် စာကို ဆက်ရေးပါရစေဦး…။

နဂါး စစ်ကောင်စီနဲ့ ပူးပေါင်းသွားသည့် ဖေဖေဖော်ဝါရီ ၁၈ ရက်နေ့မှာပင် ဒေါ်ကြည်ပြာအမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကို NUG က ထုတ်ပြန်ခဲ့ပါသည်။ နဂါးက ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ လေးနာရီခွဲမှာ စစ်တပ်ထံ ပူးပေါင်းသွားခြင်းဖြစ်သည်။

NUG က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ၊ ညဦးပိုင်းမှာ ဒေါ်ကြည်ပြာနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည်။ နဂါးအဖမ်းခံရပြီး ချက်ချင်း မိနစ်ပိုင်းအတွင်း ဒေါ်ကြည်ပြာနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကို မထုတ်ပြန်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါသည် ခင်မျာ…။

ဒေါ်ကြည်ပြာကိစ္စနှင့်ပတ်သက်ပြီး အမှန်တရားကို ချစ်မြတ်နိုးကြသူတွေ အများစုက အကြမ်းမဖက် ချိုသာစွာတုန့်ပြန်ကြသည်ကို တွေ့ရပါသည်။ NUG ပညာရေးဝန်ကြီးဌာန ၊ တက္ကသိုလ်လမ်းညွှဖြစ်မြောက်ရေးအဖွဲ့ကလည်း မကြည်ပြာအမှုစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ကျေလည်မှုမရမခြင်း ပညာရေးလုပ်ငန်းများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ပါသည်။

CDM နိုင်ငံဝန်ထမ်းထုအဖွဲ့အစည်းကလည်း ဒေါ်ကြည်ပြာကိစ္စကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ ထုတ်ပြန်တောင်းဆိုထားသည်ကို တွေ့ရသည်။ ဒေါ်ကြည်ပြာအမှုကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ် ချိုသာစွာတုန့်ပြန်ကြမည့် အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေလည်း ရှိသေးကြောင်း သတင်းတွေ သဲ့သဲ့ကြားနေရပါသည်။

ထောက်ပို့အဖွဲ့တစ်ခုကတော့ ဒေါ်ကြည်ပြာအမှုနှင့်ပတ်သက်ပြီး အမှန်တရားမပေါ်မချင်း NUG ၏ MOD တပ်ရင်းများကို ထောက်ပံ့မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။.ထုတ်ပြန်ချက်ကား အချိုနည်းနည်းလျော့၍ ခါးသက်သက်အရသာ ရှိပေလိမ့်မည်။

လက်ရှိအချိန်ထိ မကြည်ပြာကို နဂါးကယ်တင်သည့် ဇာတ်သည် အရှိန်မြင့်နေဆဲဖြစ်သည်ကို တွေ့ရသည်။ မင်းသားက မင်းသမီးကို လူဆိုးတွေလက်မှ ကယ်တင်သော ဇာတ်လမ်းကို လူတွေ လက်ရှိအချိန်ထိ လူတွေစွဲမက်ကြဆဲဖြစ်သည်။

သစ္စာဖောက်လူဆိုးလူယုတ်က မင်းသမီးကို ကယ်တင်သည့်ဇာတ်လမ်းကား ကမ္ဘာမှာရှားသေး၏။ ထိုဇာတ်လမ်း၏ ဒါရိုက်တာများကို ချိုသာစွာကျေးဇူးတင်ရှိပါသည်။

#KTM
#မျက်မှောက်ခေတ်
#သရော်စာ

error: Content is protected !!